Skip to main content

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနားများကျင်းပ

နေပြည်တော် ဧပြီ ၁၇

ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် ၇ နာရီခွဲက နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းနှင့် ဇမ္ဗူကျက်သရေလမ်းထောင့်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်၏ ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များတက်ရောက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးနှင့် ဇနီးတို့ဦးဆောင်ကာ ငါးခုံးမနှင့် ငါးကြင်းကောင်ရေ ၃၀၀၀ ကို မင်္ဂလာကန်တော်အတွင်းသို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာနမိသားစု၏ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် နေပြည်တော်ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာနဝန်ထမ်းများ၏ အတူနေမိသားစုဝင် အသက် ၈၀ နှင့်အထက် အဘိုးအဘွား ၁၀၁ ဦးတို့အနက် အခမ်းအနားသို့တက်ရောက်နိုင်သူ အဘိုး ကိုးဦး၊ အဘွား ၁၆ ဦး စုစုပေါင်း အဘိုးအဘွား ၂၅ ဦးတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီးတို့ ဦးဆောင်ကာ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်သစ်ကူးကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘွားဒေါ်သန်းသန်းနွဲ့က ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားသည်။

ယနေ့အခမ်းအနားတွင် အသက် ၈၀ နှင့် အထက် အဘိုးအဘွား ၁၀၁ ဦးတို့ကို ငွေသားအပါအဝင် အသုံးအဆောင်ပစ္စည်းများကို ဂါရဝပြုလှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်