ပုလော၊ စက်တင်ဘာလ ၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူ၀င်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီက ပလမြို့ အမှတ်(၃)ရပ်ကွက် ရွှေမော်သိမ်ဓမ္မာရုံ၌ ပုလောမြို့နယ်၊ ပလမြို့ မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား Social Distancing နှင့်အညီ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ၀န်ကြီ:က နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ရန် ကျန်ရှိနေသောပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ရန်လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါ၀င်နိုင်ရန် မဲ ဆန္ဒရှင်စာရင်းများ ကြည့်ရှုရန်လိုအပ်ကြောင်း၊ ပြင်ဆင်ရန်ရှိသည်များကို ပြင်ဆင်နိုင် ရပ်ကွက်ကော်မရှင်များထံ ပုံစံများတောင်းခံ၍ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်မီ သတင်းပေးပို့ကြစေလိုကြောင်းနှင့် အချိန်နှင့်တစ်ပြေးညီ သိရှိမှသာ လိုအပ်သောပံ့ပိုးမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဌာနဆိုင်ရာများက ၄င်းတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ကြောင်းနှင့် ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ၀န်ကြီးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)