Skip to main content

မဟာသင်္ကြန် (အကြတ်နေ့) တွင် မန္တလေးမြို့ရှိ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်များ၊ ဦးပိန်တံတားနှင့် တောင်သမန်မယ်ဇယ်လွင်ပြင် အပန်းဖြေစခန်းတို့၌ သင်္ကြန်ချစ်သူများဖြင့် အထူးစည်ကားလျက်ရှိ

မန္တလေး ဧပြီ ၁၅

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန် (အကြတ်နေ့)တွင် မန္တလေးမြို့ရှိ ပြည်သူများ ပိုမိုပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ဆောင်ရွက်ပေးထားသည့် မြန်မာ့ရိုးရာလမ်းလျှောက်အတာအသင်္ကြန်များ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် တောင်သမန်မယ်ဇယ်လွင်ပြင် အပန်းဖြေစခန်းတို့၌ လာရောက်အပန်းဖြေအနားယူကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ 

နံနက်ပိုင်းမှစတင်၍ သင်္ကြန်ကို ချစ်မြတ်နိုးကြသည့် သင်္ကြန်ချစ်သူပြည်သူများသည် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်သို့လာရောက်ကြပြီး နိုင်ငံကျော်တေးသံရှင်များ၏ အတာသင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုနှင့်ဝန်ကြီးဌာနနှင့် ဝါသနာရှင်ယိမ်းအကအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေမှုတို့ကို တပျော်တပါးအားပေး၍သင်္ကြန်ပွဲတော်ကို စိတ်အားတက်ကြွစွာ ဆင်နွှဲကြသည်။ 

ထို့ပြင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးမြို့ရှိပြည်သူများ ပိုမိုပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားသည့် ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာလမ်းလျှောက်အတာသင်္ကြန်တို့၌လည်း ခေတ်လေးခေတ်၏ ဝတ်စားဆင်ယင်ဖန်တီးမှုများ၊ နိုင်ငံ ကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ယိမ်းအကအဖွဲ့များ၏ အကအလှဖျော်ဖြေမှုများ ၊ DJ အစီအစဉ်များ၊ စတုဒိသာအကျွေးအမွေးများဖြင့် စီစဉ်ဆောင်ရွက်ထားရှိရာ လာရောက်အပန်းဖြေအနားယူကြသည့် ပြည်သူများဖြင့် စည်ကားခဲ့သည်။ 

အလားတူ မန္တလေးကျုံးမြောက်ဘက်နှင့် အနောက်ဘက်ခြမ်းတို့တွင်လည်း သင်္ကြန်ချစ်သူမိသားစုများ၊ သူငယ်ချင်း၊ မိတ်ဆွေများစုပေါင်း၍ ရေစုပ်စက်များဖြင့် သင်္ကြန်ရေပက်ခံကားများ၊ ဆိုင်ကယ်များကို တပျော်တပါးပက်ဖျန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်များအလိုက် လူငယ်များ၊ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းနှင့် တစ်နိုင်တစ်ပိုင်စုပေါင်း၍ စတုဒိသာကျွေးမွေးလှူဒါန်းကြသည့် မြင်ကွင်းသည်လည်း မြန်မာ့ရိုးရာအတာ သင်္ကြန်၏အလှကို ပိုမိုပေါ်လွင်စေခဲ့သည်။ 

ထို့ပြင် ကျုံးပတ်လည်ရှိ ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များသို့ မော်တော်ယာဉ်များဖြင့် ရေပက်ခံသွားလာနိုင်စေရေး ဆောင်ရွက်ပေးထားသည့်အတွက် ပျော်ရွှင်စွာရေပက်ခံကားများဖြင့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့်လူငယ်များဖြင့် လည်းစည်ကားလျက်ရှိပြီး အဆိုပါနေရာများတွင် အများပြည်သူ လွတ်လပ်စွာလမ်းလျှောက်သွားလာ နိုင်ရေးအတွက် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးကြသည်ကို တွေ့မြင်ရသည်။ 

ထို့အတူ မန္တလေးမြို့၏အထင်ကရနေရာများဖြစ်သော အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် တောင်သမန်မယ်ဇယ်လွင်ပြင်အပန်းဖြေစခန်းတို့၌ မိသားစုအလိုက်၊ သူငယ်ချင်းအစုအဖွဲ့အလိုက် အနယ်နယ်အရပ်ရပ်မှလာရောက်၍ တောင်သမန်အင်းအတွင်း ငှက်လှေစီး၍လည်းကောင်း၊ ဦးပိန်တံတားကြီးပေါ် လမ်းလျှောက်၍လည်းကောင်း၊ မယ်ဇယ်ပင်တန်းရှိရာ နေရာများ၌လည်းကောင်း၊ ဒေသထွက်ကုန်များရောင်းချရာ ဆိုင်တန်းများ၌လည်းကောင်း တပျော်တပါးမှာယူစားသောက်ကာ အပန်းဖြေအနားယူလျက်ရှိကြသည့်အပြင် အဆိုပါတောင်သမန်မယ်ဇယ်လွင်ပြင်အတွင်းရှိ ရေကစားမဏ္ဍပ်များ၌လည်း ရေပက်ခံကာသင်္ကြန်တေးသီချင်းများနှင့်အတူ မြူးတူးစွာကခုန်လျက်ရှိသည်ကို ပျော်ရွှင်ဖွယ်ရာတွေ့မြင်ရသည်။ 

ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများစိတ်လက်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်အေးချမ်း