နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နေပြည်တော်တွင် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန် များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိသည့်အနက် ရာသီအလိုက် စိုက်ပျိုးရေးသီးနှံများကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)အဖြစ် ဆောင်ရွက်လျက်ရှိသည့် စောနေလ စားသောက်ကုန်လုပ်ငန်းရှင် ကိုသူရိန်နှင့် တွေ့ဆုံမေးမြန်းတင်ပြလိုက်ပါသည်။
မေး ။ ။ စောနေလ စားသောက်ကုန်လုပ်ငန်းနဲ့ ပတ်သက်ပြီးအရင်ဆုံး မိတ်ဆက်ပေးစေလိုပါတယ်။
ဖြေ ။ ။ ၂၀၁၄ ခုနှစ် ဝန်ထမ်းဘဝက အငြိမ်းစားယူတဲ့အချိန်မှာခြံစပြီးစိုက်ပါတယ်။ နေပြည်တော် လယ်ဝေးမြို့နယ်ထဲက အမြန်လမ်းဘေးမှာ ဧက ၃၀ ရှိတဲ့ ခြံဝယ်ထားတာရှိတော့ အရင်ဦးဆုံး စိန်တစ်လုံးသရက်စိုက်ပါတယ်၊ ၂၀၁၆ ခုနှစ်မှာတော့ ဟော်လန်သံပရာစိုက်ပါတယ်။ ဒီသီးနှံနှစ်မျိုးကို ဦးစားပေးစိုက်ပြီးတော့ ထွက်လာတဲ့သီးနှံတွေကို ဈေးကွက်ကိုပို့ပါတယ်။ သီးနှံဖြစ်တဲ့အတွက် ဈေးကွက်ကိုပို့တဲ့အချိန်မှာ အထားမခံတဲ့အခက်အခဲတွေရှိလာတယ်။ ၂၀၁၆ ခုနှစ်လောက် ရောက်တဲ့အချိန်မှာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကဖွင့်တဲ့ တန်ဖိုးမြှင့်စားသောက်ကုန် သင်တန်းကိုတက်လိုက်ပါတယ်၊ အဲဒီသင်တန်းတက်ပြီးတော့ ၂၀၁၇ ခုနှစ်လောက်မှာ ကျွန်တော့်ခြံကထွက်တဲ့သီးနှံတွေကို တန်ဖိုးမြှင့်စားသောက်ကုန်(Value Added) အနေနဲ့ စပြီးစမ်းသပ်ထုတ်ပါတယ်၊ အွန်လိုင်းကနေစပြီးရောင်းပါတယ်၊ တဖြည်းဖြည်းနဲ့ ဈေးကွက်ရတဲ့ အနေအထား ဖြစ်သွားပါတယ်။
မေး ။ ။ စောနေလခြံ လုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကိုလည်း သိပါရစေ။
ဖြေ ။ ။ ခြံစလုပ်တဲ့ ရည်ရွယ်ချက်ကတော့ စိတ်အပန်းဖြေဖို့ ဆိုပြီး လုပ်ခဲ့တာ။ စိုက်ထားတဲ့ သီးနှံတွေကိုရောင်းရင်းနဲ့ သီးနှံကို ပြန်ရောင်းတာထက်စာရင် တန်ဖိုးမြှင့်ထုတ်ကုန်က ပိုအဆင်ပြေတယ်ဆိုပြီး လုပ်ကိုင်ဖြစ်သွားတာပါ။
မေး ။ ။ စောနေလ စားသောက်ကုန်လုပ်ငန်းအနေနဲ့ အမျိုးပေါင်း ဘယ်နှမျိုးလောက် ထုတ်လုပ်ထားပါသလဲ။
ဖြေ ။ ။ စောနေလအမည်နဲ့တော့ လတ်တလောမှာ စားသောက်ကုန်ရှစ်မျိုး ထုတ်လုပ်ထားပါတယ်။ သရက်ပျဉ်၊ သရက်ယို၊ သရက်သီးသနပ်၊ သရက်တော်ဖီ၊ ဆီး(ဇီး)တော်ဖီ၊ ဆီးယို၊ သံပရာသီးသနပ်၊ ငရုတ်သီးနှမ်းကပ်ကြော်တွေ ထုတ်ပါတယ်၊ Brand အပေါက်ဆုံးက စောနေလငရုတ်သီး နှမ်းကပ်ကြော်ပါ။
မေး ။ ။ စောနေလ စားသောက်ကုန်တွေကို ဘယ်ဒေသတွေကို ပို့ပါသလဲ။
ဖြေ ။ ။ နေပြည်တော်ကတော့ ကိုယ်တိုင်ဖြန့်ပါတယ်။ ကိုဗစ် ကပ်ရောဂါမတိုင်ခင်တုန်းကတော့ ရန်ကုန်ကို ကိုယ်တိုင်ဖြန့်ပါတယ်။ ၂၀၂၁ ခုနှစ်ကစပြီးတော့ ရန်ကုန်မြို့က ရွှေဂန္ဓမာကုမ္ပဏီနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပါတယ်။ ရွှေဂန္ဓမာ ကုမ္ပဏီကတော့ ပြည်တွင်းထုတ်ကုန်တွေရော ပြည်ပထုတ်ကုန်တွေပါ တစ်နိုင်ငံလုံးကိုဖြန့်ချိနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်၊ ရွှေဂန္ဓမာကုမ္ပဏီကိုလည်း နေပြည်တော်မှာရှိတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကနေ ချိတ်ဆက်ပေးပါတယ်၊ ဒီကုမ္ပဏီနဲ့ပို့ရတာ ကျွန်တော် တို့ MSME သမားတွေအတွက်လည်း အဆင်ပြေပါတယ်။ ပစ္စည်းကုန်တာနဲ့ Bank Account ထဲ ငွေထည့်ပေးတာဆိုတော့ အားလုံးအဆင်ပြေပါတယ်။
မေး ။ ။ စောနေလ ထုတ်ကုန်တွေကို နေပြည်တော် ဘယ်ဆိုင်တွေမှာရနိုင်မလဲ။ ဆိုင်ပေါင်းဘယ်လောက်လောက် ပို့ထားပါသလဲ။
ဖြေ ။ ။ နေပြည်တော်မှာဆိုရင် စိန်ဒေါင်း၊ နေပြည်တော် Wholesale အပါအဝင် မြို့မဈေး၊ သပြေကုန်းဈေးမှာ ရှိတဲ့ဆိုင်တွေကိုပို့ထားပါတယ်။ နေပြည်တော်အတွင်းမှာ ဆိုင်ပေါင်း ၇၀ ကျော်ကို ပို့ထားပါတယ်။
မေး ။ ။ နေပြည်တော် MSME အသင်းမှာဘယ်နေရာက တာဝန်ယူဆောင်ရွက်ပါသလဲ။
ဖြေ ။ ။ နေပြည်တော် MSME အသင်းကတော့ ၂၀၁၈ ခုနှစ် ကတည်းကရှိခဲ့တာပါ။ ကျွန်တော်ကတော့ ၂၀၂၃ ခုနှစ် ဇွန်လမှာ နေပြည်တော် MSME အသစ်ပြန်လည်ဖွဲ့စည်းချိန်မှာ ဒုဥက္ကဋ္ဌ-၂ ရာထူးနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။
မေး ။ ။ နေပြည်တော် MSME အသင်းအနေနဲ့ ဘာတွေဆောင်ရွက်ပေးပါသလဲ။
ဖြေ ။ ။ အသေးစား၊ အငယ်စား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းမှာ မှတ်ပုံတင်ထားတာတွေနဲ့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတာတွေ အားလုံးစုဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ နေပြည်တော်မှာ လုပ်ငန်းရှင်က ၁၀၀၀ ကျော် ရှိတယ်ဆိုပေမယ့် အသင်းဝင်ထားတာက ၂၇၀ ကျော်ပဲ ရှိပါတယ်၊ သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်သင်တန်းပို့ချဖို့ စီစဉ်ဆောင်ရွက်ပေးပါတယ်။ ကျွန်တော့်ရဲ့ ချိတ်ဆက်ပေးမှုနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လယ်ဝေးမြို့နယ် စောနေလခြံဘေးက မြို့ကုန်းရွာမှာ သင်တန်းပေးပါတယ်။ ပြီးရင်ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်မှာလည်း သင်တန်းတွေဖွင့်ပေးထားပါတယ်။
မေး ။ ။ စောနေလ စားသောက်ကုန်အနေနဲ့ ကျန်းမာရေးအာမခံချက် ဘယ်လိုပေးနိုင်ပါသလဲ။
ဖြေ ။ ။ ကျန်းမာရေးအာမခံချက်အနေနဲ့တော့ အပြည့်အဝအာမခံပေးနိုင်တယ်။ ကုန်ကြမ်းသီးနှံကို ကျွန်တော့်ရဲ့စောနေလခြံကပဲ အခြေခံရယူထားပါတယ်၊ ဓာတုကင်းလွတ်တယ်၊ ကုန်ချောထုတ်တဲ့ လုပ်ငန်းစဉ်တွေမှာဆိုရင်လည်း ဓာတုဆေးတွေလျှော့ပြီး သဘာဝအတိုင်းကို ဦးစားပေးလုပ်ပါတယ်။ ပြည်တွင်းဈေးကွက်အတွက် ဖြန့်နေတဲ့ပစ္စည်းဆိုရင် သက်တမ်းအာမခံ တစ်နှစ်ပဲပေးပါတယ်။ သရက်သီးသနပ်၊ သံပရာသီးသနပ်ဆိုရင် ခြောက်လပဲပေးပါတယ်။
မေး ။ ။ စောနေလ ထုတ်ကုန်အပြင် တခြားအမည်နဲ့ ထုတ်ကုန်ပစ္စည်း ရှိပါသေးလား။
ဖြေ ။ ။ မင်းပြင်အမည်နဲ့ ပျားရည်ထုတ်တာရှိပါတယ်။ စောနေလခြံရှိတဲ့နေရာက လယ်ဝေးမြို့နယ်မင်းပြင်သစ်တော ကြိုးဝိုင်းမှာရှိတယ်၊ ပျားရည်ကို ဒီဒေသက ရယူပါတယ်၊ ဒီသစ်တောက ထွက်လာတဲ့ပျားရည်ကိုအစွဲပြုပြီး မင်းပြင်ပျားရည်ဆိုပြီး သုံးထားတာပါ။
မေး ။ ။ MSME ထုတ်ကုန်အဖြစ် ပြပွဲတွေမှာ ပြဖြစ်ပါသလား။
ဖြေ ။ ။ ၂၀၂၂ ခုနှစ်ကတည်းက နေပြည်တော်မှာ စပြဖြစ်ပါတယ်။ တခြားတိုင်းဒေသကြီး/ပြည်နယ်တွေမှာပါ နေပြည်တော်ရဲ့ ထုတ်ကုန်အနေနဲ့ ပြဖြစ်ပါတယ်။
မေး ။ ။ စောနေလထုတ်ကုန်အနေနဲ့ အသိအမှတ်ပြုခံထားရတာမျိုး ရှိပါသလား။
ဖြေ ။ ။ ၂၀၂၃ ခုနှစ်က ဥပ္ပါတသန္တိဘုရားအနီးက တပေါင်းကွင်းမှာ အသေးစားစက်မှုလက်မှုက ပြိုင်ပွဲကျင်းပပါတယ်။ အဲဒီမှာဝင်ပြိုင်တော့ တစ်နိုင်ငံလုံးမှာ တတိယဆုရရှိခဲ့ပါတယ်။
မေး ။ ။ MSME လုပ်ငန်းရှင်တွေ တိုးပွားလာဖို့အတွက် ပြည်သူတွေကို ဘာများအကြံပေးချင်ပါသလဲ။
ဖြေ ။ ။ ဒက္ခိဏသီရိမြို့နယ်မှာ အသေးစား၊ အလတ်စား စက်မှုဇုန်ဆိုတာရှိတယ်။ ၂၀၂၂ ခုနှစ်လောက်မှာစပြီးတော့ ဒီစက်မှုဇုန်မှာကျန်ရှိတဲ့ မြေကွက်တွေကို နိုင်ငံတော်ကနေ တကယ် လုပ်ငန်းလုပ်မယ့်သူတွေကို မြေကွက်ချပေးချင်တယ်ဆိုတာ သတင်း ကြားတော့ ကျွန်တော်လျှောက်ပါတယ်၊ နိုင်ငံတော်လူကြီးတွေက အမှန်တကယ်လုပ်မယ့်သူလား၊ မြေကွက်ဦးပြီး ပြန်ရောင်းစားမယ့် သူလားဆိုတာ လူကြီးတွေကိုယ်တိုင် အဆင့်ဆင့်စိစစ်ပါတယ်။ လူတွေ့တွေအထပ်ထပ်၊ အာမခံအထပ်ထပ်နဲ့ပေါ့။ အခုဆိုရင် နေပြည်တော် စက်မှုဇုန်ထဲမှာ မြေကွက်ရထားပါတယ်။ စက်ရုံတည်ဆောက်နေတာ ပြီးလုနီးပါးဖြစ်နေပါပြီ၊ စက်ရုံပြီးရင်တော့ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်ဖို့ရည်ရွယ်ချက်ရှိပါတယ်။ အလုပ်လုပ်တဲ့အချိန်မှာ အခက်အခဲတော့မျိုးစုံရှိပါတယ်၊ ကိုဗစ်ကာလတုန်းကဆိုလည်း ကြုံတွေ့ရပါတယ်။ ကုန်ကြမ်းကို ကုန်ချောထုတ်လိုက်တာကတော့ လွယ်တယ်၊ လူတွေရဲ့မျက်စိပသာဒဖြစ်ဖို့ ထုပ်ပိုးမှု (Packaging)ပိုင်းကိုတော့ ကြိုးစားရပါတယ်။
ကျွန်တော်ထုတ်တဲ့ ထုတ်ကုန်တွေက မြန်မာပြည်သူတွေနဲ့ ရင်းနှီးပြီးသားပါပဲ။ မြန်မာပြည်ရဲ့နေရာဒေသအားလုံးမှာထုတ်နိုင်တဲ့ ထုတ်ကုန်တွေပဲဖြစ်တယ်၊ အားသာချက်အနေနဲ့ မျက်စိပသာဒဖြစ်အောင်၊ အရည်အသွေးကောင်းအောင်၊ ဈေးနှုန်းသက်သာအောင် ဆောင်ရွက်ရပါတယ်။ ကြာရှည်ခံဆေးတွေကိုအတတ်နိုင်ဆုံးလျှော့ထားပါတယ်။ MSME အသင်းပေါ်လာတာ ကျွန်တော်တို့အတွက်ကောင်းပါတယ်၊ ကျွန်တော်တို့ MSME ထဲမှာဆိုလည်း အချင်းချင်း ဈေးကွက်ချိတ်ဆက်ပေးပါတယ်၊ နောင်လုပ်မယ့် လုပ်ငန်းရှင်တွေ အတွက်လည်းကောင်းပါတယ်၊ တစိုက်မတ်မတ်နဲ့လုပ်သွားရင် အဆင်ပြေပါတယ်။
မေး ။ ။ ပြည်တွင်းမှာရှိကြတဲ့ ပြည်သူတွေကို ဘယ်လိုသတင်းစကား ပါးလိုပါသလဲ။
ဖြေ ။။ ပြည်ပကဝင်လာတဲ့စားသောက်ကုန်ထက်စာရင် ပြည်တွင်းကစားသောက်ကုန်တွေက ဈေးနှုန်းအားဖြင့်ချိုသာတယ်၊ ကျန်းမာရေးအာမခံချက် အပြည့်အဝရှိတယ်။ ပြည်ပကဝင်လာတာတွေက ထုပ်ပိုးမှုစနစ်တွေမှာ မျက်စိပသာဒဖြစ်တော့ ကလေး၊ လူကြီးအကုန်လုံးကကြိုက်တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက MSME လုပ်ငန်းသမားများသည် ထုပ်ပိုးမှုပိုင်းမှာအားနည်းပါတယ်၊ ထုပ်ပိုးမှုပိုင်းမှာချက်ချင်း Upgrade လုပ်ဖို့က ကုန်ကျစရိတ်များတော့မလုပ်ဖြစ်ဘူး၊ ကျန်းမာရေးနဲ့ညီညွတ်တာကတော့ ပြည်တွင်းထုတ်ကုန်ပါပဲ၊ ပြည်ပထုတ်ကုန်တွေဆိုတာကထုပ်ပိုးမှုပိုင်းတော့ သာရင်သာမယ်၊ ဓာတုဘယ်လောက်သုံးထားလဲဆိုတဲ့ အချိုးအစားကိုမသိနိုင်ဘူး၊ ပြည်တွင်းစားသောက်ကုန်တွေသည် အပြည့်အဝအာမခံချက်ရှိတဲ့အတွက် ပြည်တွင်းထုတ်ကုန်ကိုသုံးစွဲပါလို့ ပြောကြားလိုပါတယ်။ ။
တွေ့ဆုံမေးမြန်း − ရွှေပင်လယ် (IPRD)
ဓာတ်ပုံ− မျိုးသီဟ(ပျဉ်းမနား)