ရန်ကုန် ဧပြီ ၁၄
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ မဟာဗန္ဓုလပန်းခြံဘေးရှိ ရန်ကုန်လမ်းလျှောက်သင်္ကြန်၊ ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်နှင့် Royal-Apex မဏ္ဍပ်အပြင် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခုနှင့် ရန်ကုန်မြို့အတွင်း ခရိုင်ဇုန်မြို့နယ်များတွင် ရေကစားမဏ္ဍပ်များကိုလည်း ယမန်နေ့၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်ခဲ့ပြီး ယနေ့သင်္ကြန်အကျနေ့၌ အဆိုပါမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များတွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ အတာရေသဘင်ဆင်နွှဲသူများ၊ ရေပက်ခံကားများနှင့် ဖျော်ဖြေပွဲကြည့်ရှုသူ သင်္ကြန်ချစ်သူပြည်သူတို့ဖြင့် စည်ကားလျက်ရှိသည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နံနက်ပိုင်းအစီအစဉ်တွင် ရုံး၊ ဌာနနှင့် အခြားပြိုင်ပွဲဝင်တို့မှ ပြိုင်ပွဲဝင် ၁၆ ဦးစီ ပါဝင်သည့် ယိမ်းအဖွဲ့များ ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ မြူးကြွအကအလှအပသင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ရေသဘင်ပွဲတော်ဆင်နွှဲကြသူ သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
ရန်ကုန်လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် ရုပ်ရှင်၊ ဂီတအဖွဲ့မှ အနုပညာရှင်များ၊ DJ အဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုနှင့်အတူ ရောင်စုံထီးမိုးအောက်၌ လမ်းလျှောက်ပွဲလာ သင်္ကြန်ချစ်သူ ပြည်သူများက ပျော်ရွှင်ကြည်နူးပါဝင်ဆင်နွှဲနေကြသည်မှာလည်း ကြက်ပျံမကျ စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်ရှိ Royal Apex မဏ္ဍပ်ဖျော်ဖြေမှုမှ လွင့်ပျံ့လာသည့် ဂီတတီးလုံးသံများနှင့်အတူ ရောင်စုံထီးမိုးအောက်တွင် ရေသဘင်ပွဲဆင်နွှဲသူ သင်္ကြန်ချစ်သူပြည်သူများက မြူးကြွကခုန်ပျော်မြူးနေမှုနှင့် ကလေးငယ်များ ပျော်ရွှင်စွာ ရေမြှုပ်သင်္ကြန်ဆင်နွှဲနေမှုတို့ကို တွေ့မြင်ခဲ့ရသည်။
ညနေပိုင်းတွင်လည်း ရန်ကုန်မြို့တော်မဟာသင်္ကြန်တွင် ပြိုင်ပွဲဝင် ၂၀ စီပါဝင်သည့် ယိမ်းအဖွဲ့ (အလွတ်တန်း) ယှဉ်ပြိုင်ဖျော်ဖြေကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ ဖျော်ဖြေတင်ဆက်ကြရာ အတာရေသဘင်ဆင်နွှဲသူ၊ ရေပက်ခံကားများနှင့် ဖျော်ဖြေရေးကြည့်ရှုသူ သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်ကားလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များ၌လည်း အုန်းလက်မဏ္ဍပ်များဖြင့် သင်္ကြန်ချစ်သူကလေးများက လမ်းသွား၊ လမ်းလာဒေသခံပြည်သူများအား ပျော်ရွှင်စွာ ရေပက်ကစားလျက်ရှိကြောင်း သိရသည်။
သတင်း-တန်ခူးကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်-ရဲထွဋ်