Skip to main content

ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကျင်းပ၊ သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားလျက်ရှိ

ရန်ကုန် ဧပြီ ၁၃

၁၃၈၅ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် ရန်ကုန်လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအတာသင်္ကြန်မဏ္ဍပ်နေရာအသီးသီး၌ သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကြသည်။

တက်ရောက်

ဦးစွာ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမရှေ့၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်ဇနီး၊ ဒုတိယမြို့တော်၀န်၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဌာနများမှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ တာဝန်သူများနှင့် အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ နာယကကြီး အလင်္ကာကျော်စွာဦးအောင်တင်ဝင်းက ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းမည့် မဟာသင်္ကြန်ပွဲတော်ကြီး စတင်နိုင်ရန်အတွက်ကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံအောင်မြင်စေခြင်းငှာ ပုဏ္ဏားစာဖတ် ခရုသင်းမှုတ်မင်္ဂလာကို ပြုလုပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ထို့နောက် ၁၃၈၅ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ရေသဘင်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ နိုင်ငံကျော်တေးသံရှင် ဦးသန်းမြတ်စိုးက “မြူမှောင်ဝေကင်း သီချင်းနှင့် တေးသံရှင် စိုးညီညီ၏ “နွေရတုပွဲတော် သီချင်းတို့ဖြင့် ယိမ်းအဖွဲ့များက ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်နှင့် Royal-Apex မဏ္ဍပ်ဖွင့်ပွဲကို ကျင်းပရာ နိုင်ငံကျော်တေးသံရှင် ဦးသန်းမြတ်စိုးက “မြူမှောင်​ဝေကင်း သီချင်းနှင့်တေးသံရှင်စိုးညီညီ၏ “နွေရတုပွဲတော် သီချင်းတို့ဖြင့် ယိမ်းအဖွဲ့များက ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ဖွင့်လှစ်ပြီး ယိမ်းအဖွဲ့များနှင့် ရုပ်ရုင်၊ ဂီတ၊ သဘင်အဖွဲ့များ ဖျော်ဖြေတင်ဆက်မှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်္ကြန်ချစ်သူပြည်သူများက ကြည့်ရှုအားပေးကြပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။

ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ရေသဘင်ပွဲတော်ဆင်နွှဲနိုင်ရန်အတွက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များဖြစ်ကြသည့် ပိတောက်ကကြိုး၊ နှစ်သစ်မင်္ဂလာ၊ နွေဦးပိတောက်၊ တူးပို့တူးပို့၊ တန်ခူးရေစင်၊ ပိတောက်သစ္စာ၊ ပိတောက်ရိပ်၊ ပိတောက်လမ်း၊ သင်္ကြန်မိုး၊ တန်ခူးလေပြေ စသည့်ရေကစား မဏ္ဍပ်များအပြင် စားသောက်ဆိုင်တန်းများကိုလည်း ဖွင့်လှစ်ပေးထားသည်။

အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲ

ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အကြိုနေ့တွင် ရန်ကုန်မြို့ရှိ ကျောက်တံတားမြို့နယ် ပန်ဆိုးတန်းလမ်းမပေါ်ရှိ ပိတောက်ရွှေဝါရေကစားမဏ္ဍပ်၊ လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်းမပေါ်ရှိ သင်္ကြန်မင်းသားကြီး ရေကစားမဏ္ဍပ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါ်သိန်းတင်လမ်းမပေါ်ရှိ မင်္ဂလာမေရေကစားမဏ္ဍပ်၊ ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ ဗိုလ်တထောင်မြို့နယ် မဟာသင်္ကြန်ရေကစားမဏ္ဍပ်၊ လသာမြို့နယ်တွင် ရွှေလုံမောင်မယ်ရေကစားမဏ္ဍပ်၊ ဒဂုံမြို့နယ်တွင် ဒဂုံမောင်မယ်ရေကစားမဏ္ဍပ်တို့အပြင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်းတို့ရှိ ခရိုင်ဇုန်များတွင် ရေကစားမဏ္ဍပ်များဖွင့်လှစ်ထားရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ကြန်ချစ်သူပြည်သူများ အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာ သင်္ကြန်ကာလအတွင်း သင်္ကြန်ချစ်သူပြည်သူများ ပျော်ရွှင်စွာရေသဘင်ပွဲတော်ကို ဆင်နွှဲနိုင်စေရန်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့က လုံခြုံရေးကိစ္စရပ်များကို အပြည့်အဝကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်း - တန်ခူးကိုဇော်

ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်