နေပြည်တော် ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်များမှ သင်္ကြန်ယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်္ကြန်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများ တက်ရောက်ကြသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်း က ၁၃၈၅ ခုနှစ် နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်ပွဲတော် နှစ်သစ်မင်္ဂလာပိုဒ်စုံရတုကိုဖတ်ကြားပြီး နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးတို့က နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
သင်္ကြန်ရေပက်ဖျန်း
ယင်းနောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်းသီချင်းဖြင့် စုပေါင်းသီဆိုကပြဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ နှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် မြို့တော်ဝန်နှင့်ဇနီးနှင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များကိုသပြေခက်ဖြင့် အတာသင်္ကြန်ရေပက်ဖျန်းပေးကြသည်။
ဆက်လက်၍ အနုပညာရှင်များ၊ တေးသံရှင်များနှင့် သင်္ကြန်ယိမ်းအဖွဲ့များက တူးပို့တူးပို့၊ ရွှေမန်းမာလာ၊ ရွှင်လန်းချမ်းမြေ့ပါစေ သီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ထို့နောက် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအပြီးတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိရှိလမ်းလျှောက်သင်္ကြန် သင်္ကြန်မုခ်ဦးရှေ့၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Mr. Artemi Alimov Representative of Fund RC- Investments in Myanmar၊ မြန်မာ - အိန္ဒိယ - တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ အလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးတင့်နိုင်နှင့် ဦးအောင်မြင့်၊ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်ဘတ်အွန်း ဟီးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအလှသမီးပျိုများက သင်္ကြန်မိုးတေးသီချင်းဖြင့် သံပြိုင်ညီညာကပြသီဆိုဖျော်ဖြေကြသည်။
ရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲ
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့ဝင် များကကျန်းမာရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ရုရှား- မြန်မာချစ်ကြည်ရေးအသင်း ရေကစားမဏ္ဍပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ စက်မှုဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဉာဏသိဒ္ဓိမိသားစုမဟာသင်္ကြန် ရေကစားမဏ္ဍပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရေကစားမဏ္ဍပ်၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ မြန်မာ - အိန္ဒိယ -တရုတ် ပူးပေါင်းဆောင် ရွက်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း ရေကစားမဏ္ဍပ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ရေကစားမဏ္ဍပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရေကစားမဏ္ဍပ်၊ အလုပ်သမားဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ စွမ်းအင်ဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်တို့၌ ဝန်ကြီးဌာနယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် ကိုရီးယားနိုင်ငံမှသရုပ်ဆောင်၊ K-Pop အဆိုတော်များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေနေမှု၊ ဝန်ထမ်းများ၊ ပြည်သူများစိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေပက်ကစားနေမှု၊ မဏ္ဍပ်များအလိုက် စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲကြသည်။
သီဆိုကပြဖျော်ဖြေတင်ဆက်
နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် မြန်မာအသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ ဝန်ကြီးဌာနများ၊ ခရိုင်/ မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက် သွားကြမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်ကာလအတွင်း နေပြည်တော်ရှိဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာဆင်နွှဲနိုင်စေရန်၊ ဝန်ထမ်းများ၏စည်းလုံးညီညွတ်မှု၊ ပြည်သူနှင့် အစိုးရ၏ပေါင်းစည်းမှုနှင့် တစ်သားတည်းဖြစ်မှုတို့ကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုအဖြစ် ပြသရန်ရည်ရွယ်၍ ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံ ဧရိယာအထိ သင်္ကြန်အကြိုနေ့ (ယနေ့) မှ ဧပြီ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်