နေပြည်တော် ဧပြီ ၁၃
၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ စုပေါင်းပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်၊ ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ ပြည်သူနှင့်အစိုးရ၏ ပေါင်းစည်းမှုနှင့် တစ်သားတည်းဖြစ်မှုတို့ကိုဖော်ဆောင်သည့် ပွဲတော်တစ်ခုအဖြစ် ပြသရန်ရည်ရွယ်၍ ယခုနှစ်တွင် နေပြည်တော်လမ်းလျှောက် သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာ ထည့်သွင်း ကျင်းပလျက်ရှိသည်။
အဆိုပါလမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ဇုန်လေးဇုန်သတ်မှတ်ပြီး တိုင်းရင်းသားသင်္ကြန်ဇုန်၊ စတုဒိသာဇုန်၊ ဝန်ကြီးဌာနသင်္ကြန်ဇုန်နှင့် လူငယ်သင်္ကြန်ဇုန်တို့ကိုခွဲခြား၍ စိတ်ဝင်စားပျော်ရွှင်ဖွယ် ကျင်းပပေးလျက်ရှိသည့်အတွက် ယနေ့တွင်သင်္ကြန်ကို ချစ်မြတ်နိုးကြသည့် ပြည်သူများနှင့်အတူ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားခဲ့သည်။
ထို့ပြင် နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်းရှိ ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေကစား မဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာ ရေကစားမဏ္ဍပ်များ၊ ရုရှား - မြန်မာချစ်ကြည်ရေးအသင်း ရေကစားမဏ္ဍပ်၊ မြန်မာ - အိန္ဒိယ- တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း ရေကစားမဏ္ဍပ်များ၌ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များ၊ ကိုရီးယားနိုင်ငံမှ သရုပ်ဆောင်၊ K-Pop အဆိုတော် များက DJ, Music Band များနှင့်တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြိုင်ဆိုင်စွာ သီဆိုဖျော်ဖြေကြရာ နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်ရေကစားကြသည့် ဝန်ထမ်းများ၊ ပြည်သူများက ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
အလားတူ စတုဒိသာဇုန်တွင်လည်း ဝန်ကြီးဌာနများအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန် ရေကစားမဏ္ဍပ်များနှင့် မြန်မာ - အိန္ဒိယ - တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအသင်း ရေကစားမဏ္ဍပ်တို့၌ နေပြည်တော်လမ်းလျှောက်သင်္ကြန်သို့ လာရောက်လည်ပတ်ကြသူများကို မြန်မာ့ရိုးရာအစားအစာများ၊ ထမင်းများဖြင့် ဧည့်ခံကျွေးမွေးကြရာ အားပါးတရစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် တိုင်းရင်းသားသင်္ကြန်ဇုန်တွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု များကို ပြသထားပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ ရေပက်ကစားနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်း၊ ဖျော်ဖြေရေးဇုန်တွင် နိုင်ငံတကာအဆင့်မီဖျော်ဖြေ တင်ဆက်မှုများနှင့် အလှပြဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်းစီစဉ်ဆောင်ရွက်ထားခြင်း၊ လူငယ်များနှင့် ကလေးများအတွက် အဓိကထားသည့် Colour Party, Foam Party တို့ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်အောင် စီစဉ်ဆောင်ရွက်ထားခြင်း၊ လူကြီးများပါဝင်ဆော့ကစားနိုင်သည့် ရေလွှာလျှောစီးနှင့် ကလေး ငယ်များအတွက် ပျော့အိကစားကွင်းများ ထည့်သွင်းတည်ဆောက် ထားခြင်းတို့ကြောင့် ပြည်သူများနှင့် ကလေးငယ်များပါ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် တိုင်းရင်းသားသင်္ကြန်ဇုန်ကို တိုင်းရင်းသားသွေးချင်းညီအစ်ကိုများ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်းကျင်းပပေးသည့်အတွက် သင်္ကြန်ကိုအခြေခံပြီး တိုင်းရင်းသားသွေးချင်းညီအစ်ကိုများအားလုံး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးဖြစ်စေ ရန်၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုရရှိရန်များစွာ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။
လမ်းလျှောက် သင်္ကြန်တွင်ဝန်ကြီးဌာနများအလိုက် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုများနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ကြည့်ရှုခံစားခွင့် ရရှိမည့်အပြင် ကိုရီးယားနိုင်ငံမှသရုပ်ဆောင်၊ K- Pop အဆိုတော်များ၏ သီဆိုကပြဖျော်ဖြေတင်ဆက်မှုများကိုလည်း ပါဝင်ဆင်နွှဲခွင့်ရရှိမည်ဖြစ်သည်။
ထို့ပြင် နေပြည်တော်ရှိအများပြည်သူများ အနားယူအပန်းဖြေနိုင်သည့် နေပြည်တော်ရေပန်းဥယျာဉ်၊ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ် စသည့်နေရာများကို လှည့်လည်ကြည့်ရှု အနားယူအပန်းဖြေရေကစားနိုင်ရန်အပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ သံဝေဇနိယလေးဌာန၊ မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစု စေတီတော်၊ ရန်အောင်မြင်ရွှေလက်လှ စေတီတော်စသည့်တန်ခိုးကြီး ဘုရားများကိုလည်း သွားရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။
လုလင်ငယ်
ဓာတ်ပုံ-ကိုကျော်ကြီး