Skip to main content

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြိုအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၂

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကြိုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်အရာရှိကြီးများ၊ ဝန်ကြီးဌာနမှအရာထမ်း၊ အမှုထမ်းများ၊ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်များမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ပင်ပန်းမှုများပြေပျောက်၊ စိတ်အပန်းပြေစေရန်နှင့် နှစ်သစ်ကူးအကြို ပျော်ရွှင်မှုများရရှိစေရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ဝန်ကြီးဌာန၏ မိသားစုသင်္ကြန်မဏ္ဍပ်တစ်ခု ပါဝင်တည်ဆောက် ဆင်နွှဲသွားမည်ဖြစ်ပြီး စတုဒိသာကျွေးမွေးဧည့်ခံခြင်း၊ ယိမ်းအဖွဲ့ဖြင့် ကပြဖျော်ဖြေခြင်းများ ပါဝင်မည်ဖြစ်သဖြင့် ဝန်ထမ်းမိသားစုများ အားလုံး လာရောက်ပါဝင်ဆင်နွှဲ ကြစေလိုပါကြောင်း၊ နှစ်သစ်တွင် ယနေ့အခမ်းအနားကို တက်ရောက်လာကြသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်း စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကဝန်ကြီးဌာန၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြိုအခမ်းအနားသို့ တက်ရောက်လာကြသူများကို သပြေခက်ဖြင့် နှစ်သစ်ကူးအတာရေစင် ပက်ဖျန်းပေးသည်။

ယင်းနောက် ဝန်ကြီးဌာန၏ သင်္ကြန်ယိမ်းအဖွဲ့က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ပြီး ဌာနခွဲများအလိုက် ဝန်ထမ်းများက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ မြန်မာ့ရိုးရာအစားအစာများဖြင့် စတုဒိသာကျွေးမွေး ဧည့်ခံကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ကြီးဌာနယိမ်းအဖွဲ့နှင့် အကနည်းပြဆရာမကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်