Skip to main content

ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေး၍ ပျော်ပွဲရွှင်ပွဲများ ကျင်းပ

နေပြည်တော် ဧပြီ ၁၂

ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများ၏ ၂၀၂၄ ခုနှစ် မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ဥပဒေရေးရာဝန်ကြီးရုံးရှေ့၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုကို မဏ္ဍိုင်ပြု၍ သင်္ကြန်ရေပက်ဖျန်းခြင်း အလေ့အထနှင့် နှစ်ဟောင်းမှ အညစ်အကြေးများကို ရေစင်ရေသန့်တို့နှင့် ပက်ဖျန်းခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းအေးမြစေရန်ဖြစ်ကြောင်း၊ နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာကြပါစေကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန်၊ မိသားစုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း၊ ကမ္ဘာသူ ကမ္ဘာသားအားလုံးနှင့် မြန်မာနိုင်ငံသားအားလုံးလည်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံကြပါစေကြောင်း နှစ်သစ်ဦး မင်္ဂလာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက နှစ်သစ်အတွက် ဆုတောင်းစကားများ ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် အဖွဲ့သည် ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ စတုဒိသာကျွေးမွေးနေမှုများ၊ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများ၊ ၁၀ ဦး ယိမ်းအဖွဲ့၊ ၁၆ ဦး ယိမ်းအဖွဲ့များ ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားသို့ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်