Skip to main content

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုပွဲ ကျင်းပ

နေပြည်တော် ဧပြီ ၁၂

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲသို့ တက်ရောက်၍ ဝန်ထမ်းများ၏ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများအတွက် နှစ်သစ်ကူးကံစမ်းမဲများ ဖောက်ပေးပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲကို အတာရေစင်များ ပက်ဖျန်း၍ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ယခုနှစ်ကျင်းပသည့် ဝန်ကြီးဌာန မဟာသင်္ကြန်အကြိုပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနကိုယ်စားပြု ယိမ်းအဖွဲ့တို့က မြန်မာ့ရိုးရာသင်္ကြန်အကများဖြင့် ဖျော်ဖြေကြပြီး ဝန်ထမ်းများက နှစ်သစ်ကူး ကံစမ်းမဲများကို ပျော်ရွှင်စွာ ကံစမ်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနများက မဏ္ဍပ်များအလိုက် သင်္ကြန်စတုဒိသာ ကျွေးမွေးဧည့်ခံကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ထမ်းများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး နှစ်သစ်ကူးကံစမ်းမဲများဖောက်၍ ဆုမဲများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက ချီးမြှင့်ကြသည်။

မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများအား ချစ်ခင်မြတ်နိုးထိန်းသိမ်းနိုင်ကြစေရန်၊ ရာသီပွဲတော်အဖြစ် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြစေရန်နှင့် မြန်မာ့နှစ်သစ်ကို ကြိုဆိုကြပြီး အားမာန်အပြည့်၊ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံ့တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြစေရန် ရည်ရွယ်လျက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်