နေပြည်တော် ဧပြီ ၁၂
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးများ၊ ဆေးဝတ်၊ ဆေးပတ်တီးများနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများ ထုတ်လုပ်ရောင်းချမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းနှင့် မြန်မာ့ ဆေးဝါးလုပ်ငန်းတို့မှထုတ်လုပ်သော ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ လိုအပ်ချက်အပေါ်မူတည်ပြီး ထုတ်လုပ်ရောင်းချပေးနိုင်မှု၊ ထုတ်လုပ်ပေးနိုင်မည့် အချိန်ကာလ၊ အရေအတွက်၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့်ဆေးဝတ်ပတ်တီးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့များသို့ အမှာစာများအရ အဓိကဦးစား ပေးထုတ်လုပ်ရောင်းချပေးလျက်ရှိပါကြောင်း၊ ပိုလျှံသည့်ဆေးဝါးများကို အရောင်းကိုယ်စားလှယ်များ၊ BPI ဆေးဝါးအရောင်းဆိုင်များမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးပြီး ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ကူညီပံ့ပိုးပေးလျက် ရှိပါကြောင်း။
အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် ဆေးရုံသုံးပရိဘောဂပစ္စည်း၊ ဆေးဝတ်နှင့်ဆေးပတ်တီးများ၊ အထည်အလိပ်နှင့် အဝတ်အထည်များကို ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အမှာစာရရှိမှုအရ ထုတ်လုပ်ရောင်းချပေးနေလျက်ရှိပြီး ပြည်သူလူထု၏လိုအပ်ချက်အရ လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးလျက်ရှိပါကြောင်း၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်း၊ စက်ပစ္စည်းများသည် ပြည်ပမှတင်သွင်းရခြင်းဖြစ်သည့်အတွက် သွင်းကုန်လိုင်စင်ဆောလျင်စွာ ရရှိရေးအတွက် ကုန်သွယ်ရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ဆက်လက်၍ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ပြည်ပမှဆေးဝါး ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် FDA ၏ ထောက်ခံချက်ရယူရန်လိုအပ်ပါ၍ FDA အနေဖြင့် ဆောလျင်စွာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေး သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ဆေးရုံသုံးပရိဘောဂပစ္စည်းများနှင့် ဆေးဝါးများဝယ်ယူရေးဆောင်ရွက်ရာတွင် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သောဆေးဝါးများအား အဓိကဦးစားပေးဝယ်ယူလျက်ရှိပြီး ပြည်တွင်း၌ထုတ်လုပ်ခြင်းမရှိသည့် ဆေးဝါးများကိုသာ ပြည်ပမှတင်သွင်းလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ဆေးဝါးများသည် အရည်အသွေးစိတ်ချရသည့်အပြင် ကောင်းမွန်သောထုတ်လုပ်မှုစနစ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများက ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်အခြေအနေ၊ ကြုံတွေ့နေရသည့်အခက် အခဲနှင့်ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို လည်းကောင်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာက ဆေးရုံသုံးခုတင်နှင့်ဆက်စပ်ပစ္စည်းများ မှာယူသည့်အမှာစာအပေါ် ထုတ်လုပ်ပေးနိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည့် အချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ယင်းနောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် ဆေးဝါးထုတ်လုပ်သူများနှင့် ဝယ်ယူသုံးစွဲလျက်ရှိသည့် ဌာနကြီးများအကြား လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းအဖြေရှာပေးရန် ကျင်းပသည့်အစည်းအဝေးဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးချက်များအပေါ်အခြေခံ၍ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များ အားလုံးပါဝင်သည့် အစည်းအဝေးတစ်ရပ် ထပ်မံ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ လိုအပ်လျက်ရှိသည့်ဆေးဝါးအမယ်သစ်များ ထပ်မံထုတ်လုပ် ပေးနိုင်ရေးအတွက်အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ရှာဖွေသွားရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်မီသော ဆေးဝါးများထုတ်လုပ်နိုင် ရေးအတွက် ပိုမိုအထောက်အကူဖြစ်စေရန် ဆေးဝါးအင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်ပေးလျက်ရှိသည့် ဆေးဝါးများကို အဓိကဝယ်ယူလျက်ရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကျန်းမာရေးဝန်ကြီးဌာနတို့၏ လိုအပ်ချက်များအပေါ် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
သတင်းစဉ်