Skip to main content

KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ခန္တီး၊ နန်စီပွန်ဒေသမှ ဒေသခံကျေးရွာသား ၂ ဦးနှင့် ရွှေ့ပြောင်းလာရောက်အလုပ်လုပ်နေသူ အမျိုးသား ၁၆ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား

နေပြည်တော် ဧပြီ ၁၂

၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နံနက် ၂ နာရီတွင် KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦး သည် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသရှိ အထက်ဆိပ်ကျေးရွာသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာနေ ဒေသခံရွာသား ၂ ဦးနှင့် ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသား ၁၆ ဦးကို ၎င်းတို့နေထိုင်သည့် နေအိမ်နှင့် တဲများအတွင်း လိုက်လံဖမ်းဆီးပြီး မနက် ၄ နာရီတွင် ဖားကန့်မြို့နယ်၊ တာမခံကျေးရွာဘက်ကို ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“ဒီကောင်တွေ မနက် ၂ နာရီလောက်မှာ ဆိုင်ကယ်တွေနဲ့ရောက်လာတာ၊ ပြီးတော့ ရွာထဲမှာ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်နှိုးပြီး အတင်းတံခါးဖွင့်၊ ရှိတဲ့သူကို ဆွဲခေါ်တာ၊ ကျွန်တော်လည်း ဘာမှန်းမသိလို့ အိမ်အောက်မှာဆင်းပုန်းနေလို့ လွတ်သွားတာ၊ အမျိုးသမီးတွေတော့ ခေါ်တာ မတွေ့ဘူး၊ ဘာလို့လဲလို့မေးတဲ့သူတွေနဲ့ နည်းနည်း ကလန်ကဆန်လုပ်တဲ့သူတွေကို ဆဲဆိုပြီး ရိုက်နှက်သေးတာ၊ အရိုက်ခံရတဲ့ထဲက ၃ ယောက်လောက်ကို ဝိုင်းပြီး ဆေးထည့်ပေးလိုက်ရသေးတယ်” လို့ ဒေသခံကျေးရွာသား ဦးစိုးထွန်းက ပြောပြပါသည်။

“ကျွန်မအိမ်လည်း အတင်းနှိုးပြီး တံခါးဖွင့်ခိုင်းလို့ အိမ်ကအမျိုးသားက ဖွင့်ပေးလိုက်တာ၊ တစ်ခါတည်း ဖမ်းခေါ်သွားတော့တာပဲ၊ ညဘက်ကြီးဆိုတော့ မဲမှောင်နေပြီး ဘာမှန်းကို မသိ လိုက်ပါဘူး၊ တစ်ရွာလုံးလည်း ဆူညံပလောရိုက်သွားတာပဲ။ အချို့က ဘာလုပ်ဖို့လဲလို့မေးလို့ လျှာမရှည်နဲ့၊ စစ်စရာရှိလို့ ပြောတာပါပဲ၊ ရွာအစွန်ဘက်က ပုန်းတဲ့သူတွေတော့ လွတ်သွားတယ်ကြားတယ်၊ သူတို့ကို မနက် ၄ နာရီလောက်ကြတော့ လက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတာ တွေ့လိုက်ရတယ်။ မနက်ကျမှ အားလုံး ၁၈ ယောက်လောက်ပါသွားတယ်လို့ သိရတယ်” လို့ ပြောပါသည်။

KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့များအနေဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများရှိ ကျေးရွာများတွင် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကို ပြုလုပ်နေခြင်းကြောင့် ဒေသခံလူထုမှာ အကြောက်တရားဖြင့် နေထိုင်နေကြရကြောင်း သိရှိရပါသည်။