နေပြည်တော် ဧပြီ ၁၁
အမျိုးသားရေဥပဒေ ဒုတိယမူကြမ်းအချောသတ်ဆွေးနွေး အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့်ဆက်နွှယ်သည့်ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများမှ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး ဗဟိုကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ အကြံပြုချက်များကို ပေါင်းစပ်ညှိနှိုင်းကာ အမျိုးသားရေဥပဒေ ဒုတိယမူကြမ်းကို အချောသတ်ရေးဆွဲပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း၊ အတည်ပြုပြီးရရှိလာမည့် အမျိုးသားရေဥပဒေ တတိယမူကြမ်းကို ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများထံပေးပို့ကာ အကြံပြုချက်နှင့် သဘောထား မှတ်ချက်များရယူပြီး ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ရေကဏ္ဍရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါပြီး လိုအပ်ချက်တစ်ခုဖြစ်သည့် အမျိုးသားရေ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များ အနေဖြင့် တတ်စွမ်းသမျှ ဆက်လက်ပူးပေါင်းပံ့ပိုးကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁)၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားရေဥပဒေမူကြမ်း ရေးဆွဲရေးနှင့် စပ်လျဉ်းသည့် နောက်ခံသမိုင်း၊ အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း/ချောနှင့် ရှေ့လုပ်ငန်းစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း/ ချောအပေါ် ပြင်ဆင်လိုသောအချက်များ၊ ထပ်မံဖြည့်စွက်လိုသော အချက်များ၊ ပြုပြင်လိုသော စကားရပ်များနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးအတည်ပြုခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်