ရန်ကုန် ဧပြီ ၁၁
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက် နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-pop အနုပညာရှင်များ ပါဝင်သော ဒုတိယ အဖွဲ့သည် ယနေ့ ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
အဆိုပါကိုရီးယား K-pop အနုပညာရှင်များ ဒုတိယအဖွဲ့တွင် DJ/Performances Lee, Saemi ဦးဆောင်သည့် ကိုရီးယာအနုပညာရှင် ငါးဦးအဖွဲ့သည် ယနေ့ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍လည်းကောင်း၊ အနုပညာရှင်များ၏ ဓာတ်ပုံနှင့်အမည် စာတန်းပါကားချပ်များ ကိုင်ဆောင်၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်၌ တည်းခိုကြမည်ဖြစ်ပြီး ဧပြီ ၁၂ ရက်တွင် နေပြည်တော်သို့ လာရောက်ကြမည်ဖြစ်ကြောင်း၊ ကိုရီးယား K-pop အနုပညာရှင် ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် ထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော်တေးသံရှင်များ ပါဝင်ဖျော်ဖြေကြ မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်