နေပြည်တော် ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်ပန်းတောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအတွက် လက်နက်များ တပ်ဆင်အပ်နှင်းပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများသည် တပ်ဆင်ပေးအပ်သည့် လက်နက်များကို လိုက်လံကြည့်ရှုကြပြီး တက်ရောက်လာကြသည့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်