နေပြည်တော် ဧပြီ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ်စီမံမှုများ စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စာတမ်းရှင်များနှင့်လေ့လာသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ စာတမ်းရှင်များနှင့် လေ့လာသူများက အွန်လိုင်းမှတက်ရောက်ကြသည်။
ရေစီမံခန့်ခွဲမှုများကို ဂရုပြုဆောင်ရွက်
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာကဏ္ဍကိုအခြေခံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးသီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် မြေယာကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ ရေရရှိရေးနှင့်စနစ်တကျသုံးစွဲရေး၊ သီးနှံအမျိုးအစားအလိုက် ဒေသများနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ ဒေသအလိုက် လိုက်လျောညီထွေရှိမည့် ခေတ်မီနည်းပညာများသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိအောင် ဆောင်ရွက်နိုင်ရေးတို့ကို စီမံဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းသည် ရာသီဥတုအပေါ် များစွာတည်မှီနေသဖြင့် ယနေ့တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို သတိချပ်ကာ ရေစီမံခန့်ခွဲမှုများကို ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော လယ်ယာကဏ္ဍဖော်ဆောင်နိုင်ရေးအတွက် Myanmar Climate-Smart Agriculture Strategy ကို ပြုစုထုတ်ပြန်ထားပြီးဖြစ်၍ သွေဖည်မှုမရှိစေဘဲ စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် အယ်လ်နီညိုသက်ရောက်မှုများနှင့် လာနီညာသက်ရောက်မှုများ ကြုံတွေ့ရလျက်ရှိရာ လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ ကြိုတင်စီမံဆောင်ရွက်နိုင်မှသာ နိုင်ငံနှင့် ဒေသခံတောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရာ ရောက်မည်ဖြစ်ပါကြောင်း။
စိုက်ပျိုးရေ ပေးဝေမှုကဏ္ဍများတွင်လည်း ရေအလေအလွင့်နည်းပါးစွာ စီမံဆောင်ရွက်၍ ရေအသုံးချသူ တောင်သူလယ်သမားများပါဝင်သည့် “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်” အကောင်အထည် ဖော်မှုကဏ္ဍများကိုလည်း အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်တိုက်တွန်းအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဌာနများတွင် နည်းပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိရာ ဆည်မြောင်းကဏ္ဍတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အင်ဂျင်နီယာများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့တတ်ကျွမ်းရမည့် နည်းပညာများကို လေ့လာသင်ယူ၍ ယနေ့ဖြစ်ပေါ်နေသောအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် လက်တွေ့အသုံးချရန်ကိုလည်း တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် “ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ်စီမံမှုများ” စာတမ်းဖတ်ပွဲကိုကျင်းပရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စာတမ်းဖတ်ပွဲ၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။
စာတမ်း ၁၂ စောင် ဖတ်ကြားဆွေးနွေး
ဆက်လက်၍ စာတမ်းဖတ်ပွဲကိုကျင်းပရာ ပထမနေ့တွင် စာတမ်း ၁၂ စောင် ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ယနေ့တွင် ဒုတိယနေ့အဖြစ် စာတမ်း ၁၂ စောင် ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
နှစ်ရက်ကြာကျင်းပသည့် စာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ တက်ရောက်အားပေးကြပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းစာတမ်းရှင်များက မြို့ပြ၊ စက်မှု၊ လျှပ်စစ်၊ ဘူမိ၊ ဇလ၊ မြေအောက်ရေနှင့် အခြားဆက်စပ်ကဏ္ဍအသီးသီးမှ စာတမ်း ၂၄ စောင်ကို တင်သွင်းဖတ်ကြားကာ အဆိုပါစာတမ်းများနှင့် စာတမ်းဖတ်ပွဲတက်ရောက်လာကြသူများ၏ ဆွေးနွေးချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြုနိုင်ရေး ဦးစီးဌာနအနေဖြင့် စနစ်တကျထည့်သွင်းစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်