Skip to main content

တစ်ကျော့ပြန် ကိုဖစ်-၁၉ ရောဂါကို ကာကွယ်ရေး

ယနေ့အချိန်ထိကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေသော ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံ အတွင်းသို့ ပထမလှိုင်းအဖြစ် ဝင်ရောက်လာခဲ့စဉ်က တရုတ်နိုင်ငံက ဖြစ်ပါသည်။ ယခုအခါ ဝင်ရောက်လာခဲ့သည်မှာ အနောက်ဘက်တံခါးမှ ဖြစ်ပါသည်။

စတင်ဝင်ရောက်လာစဉ်က မူလရင်းမြစ်ဖြစ်သည့် တရုတ်နိုင်ငံက ဂူဟန်မြို့နှင့်ဝန်းကျင်ကို သော့ခတ်ပိတ်ဆို့ထားလိုက်ပြီး ကူးစက်ပြန့်ပွားမှုများကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ထိန်းချုပ် နိုင်ခဲ့ခြင်းကတစ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ယူနန်ပြည်နယ်ကိုပါ အဝင် အထွက်များ လုံးဝရပ်ဆိုင်း ထားနိုင်ခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ရောဂါကူးစက်မှုဆိုင်ရာ အဝဝမှာ များစွာထိန်းသိမ်းနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကူးလူးဆက်ဆံရာတွင် လေယာဉ်ခရီးဖြင့်သာ ဝင်ရောက်နိုင်သည့်အတွက် လေယာဉ်ခရီးစဉ်များကို ထိန်းချုပ် ကန့်သတ်ခြင်း၊ လေယာဉ်ဖြင့် ဝင်ရောက်လာသူများကို ဂရုစိုက်ကိုင်တွယ် ထိန်းချုပ်နိုင်ခဲ့ခြင်း တို့က အလွန်ပင် တာသွားခဲ့သည်ဟု ဆိုနိုင်ပါသည်။

အချို့သောအစိတ်အပိုင်းများမှ လွတ်သွားခဲ့သည်တို့ကြောင့် ကူးစက်မှုများ ဖြစ်ပွားခဲ့သော်လည်း တာဝန်ရှိသူတို့၏ အဆုံးအဖြတ်နှင့် အထိန်းအကွပ်တို့ကြောင့် လည်းကောင်း၊ ပြည်သူလူထုကို အချိန်မီပညာပေးနိုင်ခြင်း၊ စည်းကမ်း ဥပဒေများကို ထုတ်ပြန်နိုင်ခဲ့ပြီး လူထုကလည်း ပူးပေါင်း ပါဝင် လိုက်နာကူညီကြခြင်း တို့ကြောင့်လည်းကောင်း အခြေအနေအရပ်ရပ်ကို များစွာထိန်းချုပ် နိုင်ခဲ့သည့် နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်ခဲ့ပါသည်။

သို့ရာတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုးက မျိုးဗီဇအသွင်ပြောင်းလာမှုများရှိနေပြီး ပိုမိုကူးစက် ပြန့်ပွားလွယ်သည့် ပုံစံဖြစ်လာသည်က ယခုကဲ့သို့ တစ် ကျော့ပြန် ရောဂါကူးစက်မှု ဖြစ်လာခဲ့ပါသည်။ ဤသို့ ဖြစ်လာနိုင်ကြောင်းကို ကြိုတင်သတိပေးထုတ်ပြန်ခဲ့ရာတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ဝင်ရောက်လာ နိုင်ကြောင်း၊ အထူးသတိထားကြရမည် ဖြစ်ကြောင်း၊ လုံးဝပေါ့ဆလို့ မရပါကြောင်း စသည်တို့ကို ကျန်းမာရေးဝန်ကြီးဌာနက စောစောပိုင်းကာလများ ကတည်းက ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။

ယခုအကြိမ် ရောဂါပိုး ကူးစက်ပြန့်ပွားလာမှုသည် လူသန်းပေါင်း များစွာကူးစက်ပြန့်ပွားနေသည့် အိန္ဒိယနိုင်ငံနှင့် ကူးစက်ပြန့်ပွားမှုနှုန်း များနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဘက်မှ စတင်ဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ထိုသို့ ဝင်ရောက်လာသည့် ရခိုင်ပြည်နယ်သည် စစ်ပွဲများ ရှိနေခြင်း၊ နှစ်နိုင်ငံ နယ်စပ် အကြား တရားမဝင်ကူးလူးဆက်ဆံ ဝင်ထွက်သွားလာနေကြသည်တို့ကလည်း ထိန်းသိမ်းရန်ခက်ခဲနေခဲ့ခြင်း စသည့်အခြေအနေတို့ကလည်း ကူးစက်ပြန့်ပွားမှု ကို ပိုမိုမြန်ဆန်စေသည့် အကြောင်းရင်းများ ဖြစ်ပါသည်။

ထို့ပြင် အပြင်မှ ဝင်ရောက်လာကြသူများထဲက စည်းကမ်းမလိုက်နာလိုသူအချို့နှင့် အခြေအနေ မှန်ကို နားမလည်ကြသူအချို့တို့ကြောင့် ယခုကဲ့သို့သော မြန်မြန်နှင့်များများ ကူးစက်လာမှုများ ရှိလာသည်ဟု ယူဆပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၄၁၉ ဦး ရှိခဲ့ပြီဖြစ်သည်။ ရောဂါကြောင့် သေဆုံးလူနာ ၈ ဦးရှိနေပြီး ဓာတ်ခွဲ အတည်ပြုလူနာများထဲက ရောဂါပိုးကင်းစင်လာသူ ၃၈၅ ဦး ရှိသည်ဟု သိရပါသည်။

ယခု ရက်ပေါင်း ၂၀ ခန့်အတွင်းတွင် ရောဂါပိုးကူးစက်ခံထားရသူ ၁ဝဝဝ ကျော် တိုးလာခြင်း ဖြစ်လေရာ၊ ကူးစက်မှု အရှိန်များစွာ မြန်ဆန်လာသည်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံအတွင်း၌ ရောဂါပိုးကူးစက်လာခြင်းကို စတင်တွေ့ရှိသည့် အချိန်မှစ ငါးလခန့်အတွင်းတွင် ရောဂါပိုးရှိသူ အဖြစ် ဓာတ်ခွဲအတည်ပြုသူ သုံးရာ့ခုနစ်ဆယ်ကျော်သာဖြစ်သည်နှင့် နှိုင်းယှဉ်လျှင် တစ်ထောင်ကျော်ဟူသည့် ကိန်းဂဏန်းမှာများသည်ဟု ဆိုရပါမည်။

အဖိတ်အစဉ်ရှိမှု အလွန်အကျွံတိုးပွားလာမှုမရှိခြင်းနှင့် ရောဂါ၏တိုက်ခိုက်မှုဒဏ်ကို အပြင်း အထန်ခုခံရသည့် အခြေအနေများ မတွေ့ရသေးသည့်အတွက် လူထုအနေဖြင့် ယနေ့ အခြေအနေတွင် အထူးသတိထားကာ ဆင်ခြင်နေထိုင်ကြမည်ဆိုလျှင် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းချုပ်ကိုင်နိုင်မည်ဟု မျှော်လင့်ရ ပါသည်။

နိုင်ငံတကာရှိ နိုင်ငံကြီးများ၏ ကူးစက်နှုန်းသေကျေနှုန်းနှင့် နှိုင်းယှဉ်လျှင်မြန်မာနိုင်ငံအတွင်းရှိ ရောဂါပိုးကူးစက်မှုနှင့် အထွေထွေ အခြေအနေမှာ များစွာ နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ပေါ့ပေါ့ဆဆသဘောထား၍ မဖြစ်နိုင်ပါ။

ဆိုမြဲအတိုင်းဆိုရပါလျှင် အစိုးရိမ်မလွန်ကြရန်နှင့် လုံးဝပေါ့ပေါ့ဆဆ သဘောမထားကြရန်မှာ အရေးကြီးဆုံး ဖြစ်ပါသည်။ တတ်နိုင်သမျှ အိမ်တွင်းမှာနေကြ ခြင်း၊ အပြင်ထွက်လျှင် မျက်နှာဖုံး နှာခေါင်းစည်းတို့ကို ဝတ်ဆင်ခြင်း၊ လက်ကို စနစ်တကျမကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေး ရှောင်ခြင်း၊ လူချင်း အနည်းဆုံး ခြောက်ပေခွာကာ နေထိုင်ကြခြင်း စသည်တို့သည်သာ လတ်တလောအားဖြင့် ဘေးကင်းစေမည့် ကာကွယ်ရေးစနစ်များ ဖြစ်ပါသည်။ အသိဉာဏ် ကြီးကြီး၊ သတိကြီးကြီးဖြင့် အားထုတ်ကြခြင်းဖြင့် မြန်မာပြည်သူအပေါင်း ကပ်ရောဂါဘေးက ကင်းဝေးကာ အေးချမ်းသာယာကြပါစေသတည်း။ ။