နေပြည်တော် ဧပြီ ၈
နေပြည်တော်ကောင်စီနယ်မြေတွင်ဖွင့်လှစ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများအား ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်သရုပ်ဆောင်များက သွားရောက်တွေ့ဆုံအားပေးကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက မိမိအနေဖြင့် တပ်မတော်သားဘဝကို နှစ်ပေါင်းများစွာဖြတ်သန်း၍ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ယနေ့အချိန်ထိ တပ်မတော်နှင့် နိုင်ငံတော်အစိုးရက ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်မှာ မွေးရာပါတာဝန်တစ်ရပ်ဖြစ်သည်ဟု ခံယူကြရန်လိုအပ်ပါကြောင်း။
ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်တစ်ဦးရရှိမည့် အကျိုးကျေးဇူးများအနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ ရာထူးအဆင့်အလိုက် လစာနှင့် အခြားခံစားခွင့်များရရှိမည့်အပြင် စစ်မှုထမ်းကာလနှစ်နှစ် ထာဝန်ထမ်းဆောင်ပြီးပါကလည်း နိုင်ငံတော်နှင့်ပြည်သူများကအားကိုးရပြီး ဂုဏ်သိက္ခာရှိသည့် နိုင်ငံသားများအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီအနေဖြင့် မြို့နယ်ရှစ်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ နေထိုင်ကြသည့် နိုင်ငံသားများအနက် ပြည်သူ့စစ်မှုထမ်းရန် ကိုယ်တိုင်ဆန္ဒပြုသူများအား လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက သင်တန်းသားများအနေဖြင့် အမိန့်နာခံတတ်ရန်၊ မိမိနိုင်ငံနှင့်လူမျိုးအပေါ်၊ မိမိအဖွဲ့အစည်းအပေါ် သစ္စာရှိရန်လိုအပ်ကြောင်း၊ ထို့ပြင် ချမှတ်ထားသည့် ဥပဒေနှင့်စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများအတွက် MRTV DTH စလောင်း ငါးစုံနှင့် MRTV DVB- T2 Set Top Box ၅၀ ပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်အတွက် MRTV DTH စလောင်းငါးစုံနှင့် MRTV DVB - T2 Set Top Box ၅၀ ပေးအပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်ကလည်းကောင်း၊ သင်တန်းကျောင်းရှိ တပ်ခွဲ(၁၁)ခွဲအတွက် MRTV DTH စလောင်း ၁၁ စုံနှင့် MRTV DVB-T2 Set Top Box ၁၁ လုံး ပေးအပ်ရာ ခေတ္တကျောင်းအုပ်ကြီးကလည်းကောင်း လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ခေတ္တကျောင်းအုပ်ကြီးတို့က အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသားများအတွက် MRTV DTH စလောင်းနှစ်စုံနှင့် MRTV DVB-T2 Set Top Box ၃၀ တို့ကို ကံစမ်းမဲဖောက်၍ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
သတင်းစဉ်