Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ လူထုဖြန့်ပျိုးပင်များနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအတွက် ပျိုးပင် ၅၅၀၀၀ ကြိုတင်ပျိုးထောင်ထားမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၇

ပြင်ဦးလွင်ကော်ဖီစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် ရှင်းလင်းဆောင်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ခရိုင်အဆင့်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြောကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်ဖီစိုက်ပျိုးရန် ခွင့်ပြုထားသော မြေနေရာများတွင် ကော်ဖီပင်များနှင့် အရိပ်ရပင်များကို အမှန်တကယ် အောင်မြင်အောင် စိုက်ပျိုးသွားရန်လိုအပ်ပါကြောင်း၊ ကော်ဖီပင်စိုက်ပျိုးရန်အတွက် မြေရယူပြီး ကော်ဖီပင်စိုက်ပျိုးခြင်းမပြုဘဲ မြေအသုံးချမှုပြောင်းလဲဆောင်ရွက်ခြင်းမပြုရန်လိုအပ်ပါကြောင်း၊ ကော်ဖီပင်စိုက်ပျိုးရန်အတွက် ခွင့်ပြုချက်ပါ လိုက်နာရမည့် စည်းကမ်းချက်များအတိုင်း လိုက်နာခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များကလည်း အစီရင်ခံစာများ ပြန်လည်တင်ပြပြီးဖြစ်သဖြင့် သက်ဆိုင်ရာဌာန လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကော်ဖီစိုက်ခင်းများကို အကွက်ပြည့်ဖြင့် လွှဲပြောင်းပေးနိုင်ရေး သစ်တောဦးစီးဌာနက ပြုစုပြင်ဆင်ထားပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကော်ဖီစီမံကိန်းဧရိယာ သစ်တောမြေအတွင်း ကော်ဖီစိုက်ပျိုးမြေအဖြစ် ခွင့်ပြုခဲ့မှုနှင့် ဆောင်ရွက်ထားရှိမှု၊ ပုဂ္ဂလိကကော်ဖီစိုက်ခင်းများကို အကွက်ပြည့်ဖြင့် လွှဲပြောင်းပေးနိုင်ရေးအတွက် အကွက် (Plot) များ ဖွဲ့စည်းပြီးစီးမှု၊ ကော်ဖီစိုက်ပျိုးခွင့်စာချုပ်များ ပြန်လည်အပ်နှံမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌက ကော်ဖီစိုက်ပျိုးသည့် ဧရိယာများတွင် တရားမဝင်ကျူးကျော်နေထိုင်မှုများအပေါ် ဆောင်ရွက်ထားရှိမှု၊ ကော်ဖီစိုက်ပျိုးရေးအတွက် ခွင့်ပြုထားသောမြေများကို စိုက်ပျိုးခြင်းမရှိခြင်းကြောင့် အရေးယူ ဆောင်ရွက်ထားရှိမှု၊ ကော်ဖီခြံများ မူလချထားပေးသည့် ဧရိယာအတိုင်း ရှိ/မရှိ၊ မူလပိုင်ရှင်အတိုင်း ဟုတ်/မဟုတ် စိစစ်တွေ့ရှိမှု၊ ကော်ဖီစိုက်ပျိုးရေးစီမံကိန်းအတွင်းရှိ စည်းကမ်းနှင့်မညီညွတ်သော အဆောက်အအုံများ ဖျက်သိမ်းနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက မြို့မြေနှင့် မြေလွတ်၊ မြေရိုင်း မြေဧရိယာများတွင် ကော်ဖီစိုက်ပျိုးမြေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ သစ်တောကျောင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၈) ဝင်ခွင့်ဖြေဆိုနေမှု၊ သင်တန်းသားများအတွက် ပရိဘောဂများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သစ်တောပြတိုက်အတွင်း ဇီဝမျိုးစုံမျိုးကွဲများ ပြသထားမှု၊ ကွန်ပျူတာခန်းတွင် သင်တန်းသားများကို သင်ကြားပို့ချနေမှုနှင့် သင်တန်းသားများ အိပ်ဆောင်တွင် ခင်းကျင်းထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှု၊ ရွှံ့နွံတောလျှောက်လမ်းရှိ ရေထွက်မှ ရေထွက်ရှိမှု၊ တောင်ဇလပ်နီပင်များ စိုက်ပျိုးထားမှု၊ နှင်းဆီပင်များ စိုက်ပျိုးထားရှိမှု၊ ဂျပန်ချယ်ရီစိုက်ပျိုးထားရှိမှု၊ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရေကန်များမှာ ရေပြည့်အမှတ်သို့ ရောက်ရှိနေပြီး ကန်အမှတ်(၃)နှင့် (၄)အကြား တမံအားဖြည့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ဒေသပန်းမျိုးများ သုတေသနစင်တာနှင့် စမ်းသပ်စိုက်ခင်းအတွင်း ပန်းပင်များ စမ်းသပ်စိုက်ပျိုးထားရှိမှု၊ တီကျစ်မြေဩဇာထုတ်လုပ်နေမှုနှင့် တောတွင်းစက်ဘီးစီး လမ်းကြောင်းဖောက်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာန အင်းယားပျိုးဥယျာဉ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများအတွက် ပျိုးပင်စုစုပေါင်း ၅၅၀၀၀ ကြိုတင်ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ဂေဟစနစ် ဖြည့်တင်း ရေးစိုက်ခင်း သုံးဧက ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်