နေပြည်တော် ဧပြီ ၇
ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီတို့မှ ဥက္ကဋ္ဌများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အထက်မြန်မာပြည် အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည် အလုပ်အမှုဆောင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်နေသကဲ့သို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီ စနစ်တကျ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိက ကဏ္ဍမှလည်း အားဖြည့်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု များကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်စေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်နေဆဲကာလ၌ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများအနေဖြင့် နည်းမှန်လမ်းမှန်ဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးစနစ်တွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေခြင်းဖြစ်သဖြင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းရှင်များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ တူညီသော ဦးတည်ချက်တစ်ခုဖြင့် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ်အစားထိုးကုသခြင်း လုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ၊ ကင်ဆာဓာတ်ရောင်ခြည်ကုသမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ကြီးကြပ် အားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ကင်ဆာဓာတ်ရောင်ခြည်ကုသမှု စောင့်ဆိုင်းလူနာ လျော့နည်းစေရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းလိုင်စင်ခွင့်ပြုရန်အတွက် စိစစ်ရာတွင် အရည်အသွေး ပြည့်ကျန်းမာရေးစောင့်ရှောက်မှု၊ လူနာများ ဘေးကင်းလုံခြုံမှု၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှု၊ အခြားဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ထားရှိမှု၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ / နည်းဥပဒေများနှင့်အညီ ပြည့်စုံစွာဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့ကို အထူးအလေးထား စိစစ်လျက်ရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီပါက အချိန်နှင့်တစ်ပြေးညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းအဖွဲ့ဝင်များက ပြည်ပနိုင်ငံများသို့ ပေးပို့စစ်ဆေးနေရသည့် ရောဂါရှာဖွေ စစ်ဆေးမှုများနှင့် သွားရောက်ဆေးကုသမှုများ လျှော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ဆေးကုသမှုလိုင်စင်ကိစ္စရပ်များနှင့် ဆေးရုံလိုင်စင် လျှောက်ထားမှုဆိုင်ရာကိစ္စရပ် များ၊ ပုဂ္ဂလိကဆေးရုံများတွင် ဆေးဝါးများပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပုဂ္ဂလိကကျန်းမာရေး၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးရာ မေးမြန်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များနှင့် ကောင်စီဥက္ကဋ္ဌများက ပြန်လည်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းညွှန်ကြားချက်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်