နေပြည်တော် ဧပြီ ၇
စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အပတ်စဉ်စနေနေ့တိုင်း ကျင်းပလျက်ရှိသော (၃၁) ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြု တီကျစ်စာမြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများ ထွန်းကားလာစေရန် စိုက်ပျိုးရေးသုတေသီပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခေါင်းစဉ်ဖြင့် ကျင်းပသည်။
တစ်ပိုင်တစ်နိုင်လုပ်ဆောင်
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့ဆွေးနွေးသည့် တီကျစ်စာမြေဆွေး ထုတ်လုပ်ခြင်းလုပ်ငန်းကို အထူးစီမံချက်အသွင်ဖြင့် ဆီထွက်သီးနှံဇုန်များမှစတင်၍ သေသေချာချာ အကောင်အထည်ဖော်လုပ်ဆောင်ကြရန်လိုကြောင်း၊ တက်ရောက်လာကြသော တောင်သူများအနေ ဖြင့်လည်း ကိုယ်စီကိုယ်စီ တစ်ပိုင်တစ်နိုင်လုပ်ဆောင်ကြရန် လိုအပ်သကဲ့သို့ တောင်သူများအားလုံး အတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြလျှင် ပိုမိုအောင်မြင်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်သည့် လူထုအခြေပြုတီကျစ်စာ မြေဆွေးပြုလုပ်ခြင်းလုပ်ငန်းများ နှင့်ပတ်သက်ပြီး တောင်သူများအကြား ထွန်းကားလာစေရန် ရည်ရွယ်ဆွေးနွေးကြခြင်းဖြစ်ကြောင်း ပြောကြားသည်။
မြေဆီလွှာ ကျန်းမာရေးအတွက် လူထုအခြေပြု တီကျစ်စာမြေဆွေးပြုလုပ်ခြင်း လုပ်ငန်းများ တောင်သူများအကြား ပြန့်ပွားစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့်ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း စံပြကျေးရွာများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ တီကျစ်စာမြေဆွေး ပြုလုပ်ခြင်း လုပ်ငန်းများ ထွန်းကားလာစေရန် လူထုအခြေပြု စံပြကျေးရွာများအဖြစ် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
အထူးဂရုပြုမိကြရန်လိုအပ်
တီကျစ်စာမြေဆွေး ပြုလုပ်ခြင်းနည်းပညာသည် မြန်မာနိုင်ငံသို့ ၁၉၈၀ ပြည့်နှစ်တွင် စတင်ရောက်ရှိခဲ့သော်လည်း တောင်သူများအကြား ယနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးခြင်းမရှိသေးဘဲ ယခုအခါ သီးထွက်စွမ်းရည် တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာ အားပြုရုံမက မြေဆီလွှာ၏ စွမ်းအားတိုးတက် ကျန်းမာရေးကိုပါ တောင်သူလယ်သမားများ အထူးဂရုပြုမိကြရန် လိုအပ်လျက်ရှိသည်။
ယနေ့ တောင်သူနည်းပညာ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စိုက်ပျိုရေး သုတေသီပညာရှင်များ၊ ဇေယျာသီရိမြို့နယ်နှင့် ဗုဗ္ဗသီရိမြို့နယ်များမှ တောင်သူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သီးထပ်စွမ်းရည် တိုးတက်ရေးနှင့်ပတ်သက်၍ ရေရရှိရေးကဏ္ဍများကို တောင်သူလယ်သမားများက ပြန်လည်ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက တောင်သူများ အလုပ်အကိုင် အဆင်ပြေစေရေး လုပ်ငန်းစဉ် ကိစ္စရပ်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်