နေပြည်တော် ဧပြီ ၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ “ကုမ္ပဏီများ လိုက်နာရမည့် စာရင်းများနှင့် မှတ်တမ်းများအကြောင်း သိကောင်းစရာ” အမှတ်စဉ် (၅၃) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍသည် အဓိကကျသည့်အတွက် ပုဂ္ဂလိကကုန်ထုတ်လုပ်မှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုကို ဆောင်ရွက်ကြသည့် ပြည်တွင်း/ ပြည်ပကုမ္ပဏီများ၏ မှတ်ပုံတင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေကို ၁၉၁၄ ခုနှစ်ကတည်းက စတင်ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ကုမ္ပဏီဆိုင်ရာမှတ်တမ်းများနှင့် စာရင်းများကို စနစ်တကျဖြစ်စေ ရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကုမ္ပဏီများ စနစ်တကျဖျက်သိမ်းနိုင်ရေးအတွက် လူမွဲခံယူခြင်းဥပဒေကိုလည်း ထပ်မံပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုများ အားကောင်းစေရန် အသိပညာဖြန့်ဝေပေးရန်လိုပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ကုမ္ပဏီများလိုက်နာရမည့် စာရင်းများ၊ ထားရှိရမည့် မှတ်တမ်းများနှင့်စပ်လျဉ်း၍ အသေးစိတ်တင်ပြဆွေးနွေးသွားမည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြင့်စိုးက ကုမ္ပဏီများ၏ မှတ်ပုံတင်စာရင်းနှင့် မှတ်တမ်းများထားရှိခြင်း အလေ့အထအားနည်းမှုများကြောင့် အငြင်းပွားမှုများဖြစ်ပေါ်နေခြင်း ကိစ္စရပ်များ၊ ကုမ္ပဏီများအချင်းချင်း ယုံကြည်မှုအားနည်းရာမှ ပူးပေါင်းဆောင်ရွက်မှုအားနည်းလာခြင်း၊ သက်ဆိုင်ရာဌာနများ၊ ပြင်ပအဖွဲ့အစည်းများ၊ ဘဏ်များအနေဖြင့် ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းနှင့် မှတ်တမ်းများအပေါ် ကြည့်ရှုစိစစ်ရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအား လိုက်နာဆောင်ရွက်မှုအပေါ် ကြီးကြပ်စိစစ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း ၍ ရှင်းလင်းဆွေနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကုမ္ပဏီဥပဒေနှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေး၊ ကျင့်ဝတ်များ လိုက်နာရေး၊ စည်းစနစ်ကျသော စီးပွားရေးအသိုက်အဝန်းများ ဖြစ်စေရေးနှင့် စီးပွားရေးလုပ်ငန်းများအား ကုမ္ပဏီမှတ်ပုံတင်၍ စနစ်တကျပါဝင်ဆောင်ရွက်လာစေရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများက Online ဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်