နေပြည်တော် ဧပြီ ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ဝါစက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွာအနီးရှိ တိုးပွားကြီးဝါစက်သို့ ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်းအထုပ်များ ထုတ်လုပ်နေမှုများ၊ ဝါကြိတ် စက်ဖြင့် ဝါစေ့ဆီထုတ်လုပ် ရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိဝါဖန်စက်များမှ ဝါဂွမ်းအထုပ်များ ထုတ်လုပ်ရောင်းချမှုအဆင့်မှ ချည်ဖြစ်သည်အထိ လိုအပ်သော နည်းပညာ၊ စက်ပစ္စည်းများကို ပံ့ပိုးပြီး Value Added အဖြစ် အဆင့်ဆင့်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်ပြီး ဝါဂွမ်းများဈေးကွက် သေချာစွာရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝါဖန်စက်များ ထပ်မံလိုအပ်ချက် ရှိ/မရှိ စိစစ်တင်ပြပေးရန် လိုအပ်ကြောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲမှုတွင် လိုအပ်သည်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အရည်အသွေးစစ်ဆေးခြင်းကို ပုံမှန်စစ်ဆေးရန် ပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ် ကတင်ကျေးရွာရှိ လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားသမဝါယမအသင်း၌ ကျင်းပသည့် ဝါစိုက်အသင်းသား တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ဝါမျိုးစေ့နှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချနေရကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန်အတွက် လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကို ပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်း မျိုးသန့်များရရှိရေး စိတ်တူကိုယ်တူဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသော သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ ရရှိရေးနှင့် နည်းပညာရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ဝါစိုက်တောင်သူများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်း၊ လိုအပ်သော သွင်းအားစုများရရှိရေးနှင့် စက်ပစ္စည်းလိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရာသီဥတု ပူပြင်းလာသည့်အတွက် ပိုးမွှားအန္တရာယ်များ ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့်နည်းပညာများ ကူညီပံ့ပိုးပေးစေလိုကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများနှင့် သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကျေပေးသွင်း ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကတင်ကျေးရွာရှိ လင်းလင်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွား သမဝါယမအသင်းမှ ဝါစိုက်တောင်သူ ၇၅ ဦး ၏ ဝါစိုက်ပျိုးဧက ၂၁၀ အတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သွင်းအားစုများကိုလည်းကောင်း အသင်းသားတောင်သူများ လက်ဝယ်အရောက် ပေးအပ်ကာ အသင်းသားတောင်သူများ၏ တင်ပြချက်များ၊ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်