Skip to main content

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကဲဖြတ်မှုလုပ်ငန်းအစီရင်ခံစာ ရှင်းလင်းဆွေးနွေး

နေပြည်တော် ဧပြီ ၅

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်နှင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကဲဖြတ်မှု Preliminary Geogra-phical and Topographical Survey (PGTS) & Environmental Impact Assessment (EIA) များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့်အစီအစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးမှာကြား

ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက လိုအပ်သည်များ ဆန်းစစ်အကြံပြုရေးနှင့်ပတ်သက်၍လည်းကောင်း၊ အထူးစီးပွားရေးဇုန် ဆက်လက်အကောင်အထည်ဖော်ရာတွင် ဘူမိဗေဒနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာ ပဏာမဆန်းစစ်ချက်များအပေါ်အခြေခံ၍ စီမံကိန်းဒီဇိုင်းရေးဆွဲခြင်းအပါအဝင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးမှာကြားသည်။

လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်း

ထို့နောက် ဆန်းစစ်ချက်များ ဆောင်ရွက်ခဲ့သည့် CCCC-FHDI Engineering Company နှင့် Myanmar Survey Research (MSR) ကုမဏီတို့က လုပ်ငန်းဆောင်ရွက်မှုအခြေနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်သူများက အပြန်အလှန်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် CITIC ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်