နေပြည်တော် ဧပြီ ၅
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)မှ အတွေ့အကြုံကောင်းများအပေါ် အခြေခံလျက် ယခုနှစ်တွင်လည်း ယခင်နှစ်ထက် ပိုမိုအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) မှ ဆွေးနွေးချက်များကိုအခြေခံ၍ ရေတိုရေရှည် လုပ်ငန်းစဉ်များအပေါ် ခြောက်လပတ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း။
ယခုအခါ ရေတိုရေရှည်လုပ်ငန်းအစီအမံများအပေါ် ၁၁ လအတွင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆက်စပ်ဝန်ကြီးဌာနများသို့ တောင်းခံထားကြောင်း၊ ယမန်နှစ်ဆွေးနွေးပွဲရလဒ်မှ ပေါ်ထွက်လာသည့် ရေတိုရေရှည်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တွေ့ကြုံရသည့်စိန်ခေါ်မှုများ၊ အောင်မြင်မှုများ၊ ထပ်မံဆောင်ရွက်လိုသည့်အချက်များကို ထည့်သွင်းဆွေးနွေးစေလိုကြောင်း၊ ထို့ပြင် ကျောင်းသားလူငယ်များ မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ မျိုးချစ်စိတ်ဓာတ်မြင့်မားရေးအတွက် ညီလာခံခေါင်းစဉ်တွင် အလေးပေးထည့်သွင်းဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား ကြသည်။
ဝိုင်းဝန်းအကြံပြု
ထို့နောက် တက်ရောက်လာသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် တက်ရောက်လာသူများက ညီလာခံဦးတည်ချက်နှင့် ဆွေးနွေးသင့်သည့်ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်