နေပြည်တော် ဧပြီ ၅
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန်၊ ဝန်ကြီးဌာနအောက်မှ ဌာနအကြီးအမှူးများ၊ ကျောင်းသားမိဘများ၊ ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကျောင်းဆင်းတပ်ခွဲကို စစ်ဆေးပြီး စစ်ရေးပြတပ်ခွဲများ မှ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်း အရာရှိလောင်းဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသော စံပြအရာရှိလောင်း ရေကြောင်းဆုရ အရာရှိလောင်း အောင်ခန့်မင်း၊ စံပြအရာရှိလောင်း အင်ဂျင်နီယာဆုရ အရာရှိလောင်း ကောင်းခန့်လင်း၊ စံပြအရာရှိလောင်း လျှပ်စစ်နည်းပညာဆုရ အရာရှိလောင်း ထက်အာကာထွန်း၊ ကုန်သွယ်ရေကြောင်းအရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း မြတ်မင်းသန့်၊ အင်ဂျင်နီယာအရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ညီညီဗိုလ်၊ လျှပ်စစ်နည်းပညာအရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ဇေယျာအောင်တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရ အရာရှိလောင်းခြောက်ဦးနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံဂုဏ်ပြုအမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများ၊ ကျောင်းဆင်းအရာရှိ လောင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ကုန်သွယ်ရေကြောင်း အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ် (၁၅) ၌ ရေကြောင်းအရာရှိ လောင်း ၉၀၊ ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်း ၈၀၊ ရေကြောင်းလျှပ်စစ်နည်းပညာ အရာရှိ လောင်း ကိုးဦး၊ စုစုပေါင်း ၁၇၉ ဦးတို့ တက်ရောက်အောင်မြင်ခဲ့သည်။ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၃ ခုနှစ်မှ ယနေ့အထိ ရေကြောင်းအရာရှိ ၈၇၄၁၅ ဦး၊ အင်ဂျင်နီယာအရာရှိ ၂၉၁၀၇ ဦးနှင့် အခြားအဆင့်သင်တန်းသားပေါင်း ၁၅၅၅၀၆ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ယနေ့အထိ ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်သူ စုစုပေါင်း ၂၇၇၆၉၅ ဦးတို့ကို လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ သင်တန်းပြီးမြောက်ခဲ့သည့် အရာရှိလောင်း များအနက် လက်ရှိအချိန်တွင် ရေယာဉ်မှူးကြီး (Captain) အဆင့် ၆၆၀၊ ကုန်းပတ်အရာရှိချုပ် (Chief Officer) အဆင့် ၆၇၀၊ ဒုတိယတန်း ကုန်းပတ်အရာရှိ (Second Officer)အဆင့် ၆၇၇ ဦး၊ တတိယတန်း ကုန်းပတ်အရာရှိ (Third Officer) အဆင့် ၈၄၈ ဦးနှင့် အင်ဂျင်နီယာမှူးကြီး (Chief Engineer) အဆင့် ၆၄၆ ဦး၊ ဒုတိယတန်း စက်မှုလက်မှုအရာရှိ (2nd Engineer) အဆင့် ၆၅၀ နှင့် တတိယတန်း စက်မှုလက်မှုအရာရှိ (3rd Engineer) အဆင့် ၁၅၁၆ ဦးတို့သည် နိုင်ငံတကာသင်္ဘောများပေါ်တွင် အဆင့်မြင့်တာဝန်များ ထမ်းဆောင်လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်