နေပြည်တော် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကျောက်ဆည်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအတွက် လက်နက်များ တပ်ဆင်အပ်နှင်းပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တပ်ဆင်ပေးအပ်လက်နက်များအား လိုက်လံကြည့်ရှုကြပြီး တက်ရောက်လာကြသည့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။