Skip to main content

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၄

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်ပြင်ဆင်လျက်ရှိကြသည်။

နေပြည်တော်တွင် မြို့တော်ဝန်မဏ္ဍပ်အပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း ယခင်နှစ်ကထက် ပိုမိုစည်ကားသိုက်မြိုက်အောင်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၊ စျေးဆိုင်တန်းများ၊ ရေသွယ်တန်းမှုများ၊ ရေစီးရေလာကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း “ခါသင်္ကြန်အဆိုအက” အစီအစဉ်ကို ယခင်နှစ်များနည်းတူ တင်ဆက်နိုင်ရေး သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေးစီစဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Audiotorium ခန်းမ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ သင်္ကြန်ယိမ်းအဖွဲ့များသည် သင်္ကြန်တေးသီချင်းများဖြင့် ရိုက်ကူးရေးပြုလုပ်ခဲ့ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်သို့လည်း တစ်ဆက်တည်း ဝင်ရောက်ကြည့်ရှုလေ့လာကြသည်။

ထို့အတူ ရန်ကုန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio တွင်လည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ယိမ်းအဖွဲ့က သင်္ကြန်တေးသီချင်းဖြင့် ရိုက်ကူးရေးဆောင်ရွက်သည်။

ထို့ပြင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှ ယိမ်းအဖွဲ့များသည် ၎င်းတို့၏ ဌာနများတွင် သင်္ကြန်တေးသီချင်းနှင့်အကများဖြင့် ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြသည်။

သတင်းစဉ်