နေပြည်တော် ဧပြီ ၄
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို ဧပြီ ၃ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြုကျောင်းတိုက်၌ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
လှည့်လည်ပူဇော်
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ်ကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုများက ခိုလမ်မြို့အတွင်းရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများအား လှည့်လည်ပူဇော်ကြပြီး ရွှေစည်းဂုံစေတီတော်ကြီးအား လက်ယာရစ်ရှင်လောင်းလှည့်လည်ခြင်းများနှင့် ချမ်းမြေ့ဂုဏ်ဝေပရဟိတ သာသနာပြုကျောင်းတိုက်၌ ရဟန်း ၆၉ ပါး၊ ရှင်သာမဏေလောင်း ၂၅ ပါးနှင့် သီလရှင်လောင်း ၂၂ ပါး စုစုပေါင်း ၁၁၆ ပါးတို့အား ဆံချမင်္ဂလာပြုလုပ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ချမ်းမြေ့ဂုဏ်ဝေပရဟိတ သာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောဘိတထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့် သီလရှင်လောင်းများအား သင်္ကန်းစည်းပေး၍ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးကြသည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြုကျောင်းတိုက်မှ သိမ်ထွက်ရဟန်းသံဃာများအား တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သိမ်ဆွမ်းများလောင်းလှူကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ချမ်းမြေ့ဂုဏ်ဝေပရဟိတသာသနာပြုကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်