နေပြည်တော် ဧပြီ ၄
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန သင်္ကြန်ယိမ်းအဖွဲ့က ၁၃၈၅ ခုနှစ် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက် သင်္ကြန်တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တို့တွင် သင်္ကြန်အကအလှများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲရန် ယနေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယိမ်းလှပျိုဖြူများ ယိမ်းအက ကြိုတင်လေ့ကျင့်နေမှုကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
မှာကြား
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယိမ်းကကွက်များညီညာစေရန်၊ မျက်နှာအမူအရာ ပြုံးရွှင်စေရန်၊ ကိုယ်နေဟန်ထားကြော့ရှင်းလှပမှုရှိစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြရန် စသည်ဖြင့် လိုအပ်သည်များ မှာကြားသည်။
ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် “ချမ်းခိုက်ခိုက်တုန်” တေးသီချင်းဖြင့်လည်းကောင်း၊ နေပြည်တော်လမ်းလျှောက် သင်္ကြန်တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမဏ္ဍပ်တွင် “ပျော်သလားဟေ့”နှင့် “ထာဝရသစ္စာ” စသည့် တေးသီချင်းများ ဖြင့်လည်းကောင်း ကပြဖျော်ဖြေ သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်