နေပြည်တော် ဧပြီ ၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် Polytechnic University များ ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ နေပြည်တော်နည်းပညာတက္ကသိုလ်အပါအဝင် နည်းပညာတက္ကသိုလ် ၃၄ ခု၊ ကွန်ပျူတာတက္ကသိုလ် ၂၇ ခု စုစုပေါင်း တက္ကသိုလ် ၆၁ ခု တို့ဖြင့် နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာကို လေ့လာပါက ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများစွာ တစ်နေရာတည်း စုစည်းဖွင့်လှစ်ပေးလျက်ရှိသည့် ကမ္ဘာ့အဆင့်မြင့်မားသော Polytechnic University များစွာရှိကြောင်း၊ မိမိတို့လည်း ယခုအခါ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ကို ပေါင်းစည်းပြီး Polytechnic University အဖြစ် ထူထောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မူလအခြေခံတက္ကသိုလ်များ၏ လက်ရှိအင်ဂျင်နီယာဘွဲ့၊ ကွန်ပျူတာဘွဲ့ သင်ရိုး ညွှန်းတမ်းများပြောင်းလဲခြင်းမရှိဘဲ ဆက်လက်သင်ကြားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခုတည်းတွင် ဘာသာရပ်များစုစည်းပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသောနည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် သင်ကြားရေးကွာခြားမှုမရှိကြောင်း၊ သို့ဖြစ်၍ အရည်အသွေးမီဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားကျောင်းသူများနှင့် သုတေသီများလေ့ကျင့်မွေးထုတ်ပေးနိုင်သည့် Polytechnic University များ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များသတ်မှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စနစ်တကျ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Polytechnic University ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ် (တာဝန်ခံ)များ၊ ဌာနမှူးများ၊ ဆရာ ဆရာမများက အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသောကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်