နေပြည်တော် ဧပြီ ၄
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကော်မတီအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ အခက်အခဲများ ဖြေလျှော့ပေးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝသည့် သွင်းအားစုများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပမှတင်သွင်းရာတွင် စနစ်တကျဖြစ်စေရေး၊ မျှမျှတတဖြစ်စေရေး၊ ပွင့်လင်းမြင်သာမှုဖြစ်စေရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း၏ တင်ပြချက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတင်သွင်းမှုအနေဖြင့် တန်ချိန် ၁ ဒသမ ၀၄၇ သန်းနှင့် ပိုးသတ် ဆေးတင်သွင်းမှုအနေဖြင့် တန်ချိန် ၂၇၁၂၉ ဒသမ ၂၄ တန် ရှိပါကြောင်း၊ မြေဩဇာအသင်းအနေဖြင့် အသင်းဝင်ကုမ္ပဏီများကို သွင်းကုန်လိုင်စင်ရရှိရေး လျှောက်ထားတင်ပြသည့်အခါနှင့် သွင်းကုန် လိုင်စင်ရရှိပြီးသည့်အခါတို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်အကောက်ခွန်ဦးစီးဌာနတို့မှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရေး ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
မိမိတို့ ဦးဆောင်ကော်မတီအနေဖြင့် အသင်းဝင်ကုမ္ပဏီများကို နှစ်စဉ်တင်သွင်းမှုစာရင်းအပေါ် အခြေခံ၍ ကုမ္ပဏီအလိုက် တင်သွင်းမှုပမာဏတန်ချိန် သတ်မှတ်ထားသော်လည်း အမှန်တကယ် ဆောင်ရွက်သည့် ကုမ္ပဏီအသစ်များကိုပါ တင်သွင်းခွင့်ပြုထားကြောင်း၊ ကုမ္ပဏီအသေးများ ဈေးနှုန်းယှဉ်ပြိုင်နိုင်အောင်လည်း စီစဉ်ပေးထားကြောင်း၊ ဈေးနှုန်းယှဉ်ပြိုင်ရသည်ဖြစ်၍ အမှန်တကယ်တင်သွင်းသူများကို စိစစ်ထောက်ခံပေးထားကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာအောင် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ၊ အားသာချက်၊ အားနည်းချက်များကို နမူနာယူပြီး ယခုနှစ်မှာ အားနည်းချက်များမရှိရအောင် သက်ဆိုင်ရာအဖွဲ့ဝင်များက ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် သွင်းအားစုများ တင်သွင်းခွင့်ရရှိရေး စည်းကမ်းနှင့်အညီ စိစစ်ထောက်ခံပေးမည့်အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းကိုယ်စားလှယ်က လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြပြီး ဦးဆောင်ကော်မတီအဖွဲ့ဝင်ဦးစီးဌာန ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Artemii ALIMOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းများ၊ ရုရှား-မြန်မာသဘာဝမြေဩဇာ စက်ရုံတည်ဆောက်ရေးစီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံထုတ် သဘာဝမြေဩဇာတင်သွင်းရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
သတင်းစဉ်