Skip to main content

နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၄

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ကဏ္ဍနှင့်သက်ဆိုင်သည့်ကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ တိုးပွားစေရေးတို့အတွက် လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ လှုပ်ရှားမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျအရှိန်အဟုန် မြှင့်ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ် မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် ရေးဆွဲထားသော စီမံချက်မူကြမ်းတွင် ပါဝင်သည့်အချက်များဖြစ်သည့် လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ အားကစားပြိုင်ပွဲများနှင့် အားကစားသင်တန်းများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ မြန်မာနိုင်ငံပထဝီအချက်အလက်များဆိုင်ရာ အမေး/အဖြေပြိုင်ပွဲများ၊ ဒေသတွင်းလေ့လာရေးခရီးစဉ်များနှင့် စုပေါင်းလုပ်အားပေးအစီအစဉ်များ၊ အသိပညာဗဟုသုတများ တိုးတက်စေရေးအတွက် အထောက်အကူပြုမည့်သင်တန်းများ၊ သင်တန်းဖွင့်လှစ်မည့်ကာလနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ၊ အသက်အုပ်စုသတ်မှတ်ခြင်းများနှင့်ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးရန် ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မီဒီယာပိုင်းသည်အရေးကြီးပြီး အဓိကအခန်းကဏ္ဍအဖြစ်လိုအပ်သည့်အတွက် သတင်းပြန်ကြားခြင်းသာမက လှုံ့ဆော်စည်းရုံးခြင်းများပါ ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်မှသာ ကျောင်းသားလူငယ်များ စိတ်ပါဝင်စားလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် လူငယ်ကဏ္ဍတိုးတက်စေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းများတွင်ဖွင့်လှစ်သည့်ကာလ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ပေါ့ပါးပျော်ရွှင်စေရန် ဖျော်ဖြေရေးအစီအစဉ်များကို အနုပညာရှင်များနှင့်ပေါင်းစပ်ပြီး လူငယ်ကဏ္ဍဖွံဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နွေရာသီကျောင်းပိတ်ရက်ကာလ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားချက်များအရ သင်တန်းကာလအား အနည်းငယ်ပြောင်းလဲပြင်ဆင်လိုက်ပါက ကျောင်းသားလူငယ်များ ကျောင်းတက်ရန်ပြင်ဆင်ချိန်များရပြီး သင်တန်းတွင်လည်း အပြည့်အဝစိတ်ပါဝင်စားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ကျောင်းသားလူငယ်များနှင့် နွေးထွေးမှုရှိပြီး တစ်သားတည်းဖြစ်ရန်လိုကြောင်း၊ IT နည်းပညာကို သိသာပေါ်လွင်ထင်ရှားစေရန် ဉာဏ်စမ်းပဟေဠိအစီအစဉ်များကို IT နည်းပညာနှင့် ပြုလုပ်နိုင်အောင် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကြက်ခြေနီသင်တန်းများကို ကျောင်းများတွင်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ အသက်အရွယ်အလိုက် နေထိုင်မှုပုံစံများကို လူငယ်များသိရှိစေရန် သင်တန်းများတွင် ထည့်သွင်းပို့ချစေလိုကြောင်း၊ ၎င်းသင်တန်းများ တက်ရောက်ထားခြင်းဖြင့် လူရည်ချွန်စာမေးပွဲဖြေဆိုရာတွင် အထောက်အကူပြုနိုင်မည့်အချက်ဖြစ်သည်ကို လူငယ်များအားသိရှိထားစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက်ပြန် လည်ဆွေးနွေးခြင်း အစီအစဉ်များ ထည့်သွင်းဆောင်ရွက်စေလိုကြောင်း၊ ထို့မှသာ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက အသီးသီးဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လိုအပ်သည်များကို ပြန်လည်ပြင်ဆင်၍ စီမံချက်ရေးဆွဲပြီး ပြန်လည်ပေးပို့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်