နေပြည်တော် ဧပြီ ၄
သံနှင့်သံမဏိစက်ရုံစီမံကိန်းနှစ်ခု အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် သွင်းအားစုများ စဉ်ဆက်မပြတ်ရရှိရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ) စီမံကိန်းနှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း၊ အမှတ်(၁)သံမဏိ စက်ရုံ(မြင်းခြံ) စီမံကိန်းကို ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်မှစ၍ လည်ပတ်ခဲ့ရာ ၂၀၂၄ ခုနှစ် မတ်လအထိ ၂၃၁ ကြိမ် သံရည်ကျိုခဲ့ပြီး လေးထောင့်ပုံသံမဏိချောင်း စုစုပေါင်းတန်ချိန် ၁၁၈၂၉ ဒသမ ၈၃ တန်ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအဆင့်(၂)တွင်ပါဝင်သည့် Hot Strip Mill အလုပ်ရုံအား ပြီးစီးအောင် ဆက်လက်အကောင်အထည်ဖော်ခြင်းနှင့် သံရည်ကျိုအလုပ်ရုံအမှတ်(၂)အား စစ်ဆေးပြုပြင်မှုလုပ်ငန်းများကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းပြီးမြောက်အောင်မြင်ရေးအတွက် နိုင်ငံတော်မှ တွန်းအားပေးဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်တွင်းပညာရှင်များဖြင့် ဆောင်ရွက်၍ ရသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းအတွက် လိုအပ်သောလျှပ်စစ် အရင်းအမြစ်နှစ်ခုရရှိရေး၊ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ ရေရရှိရေးတို့အတွက် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ သံမဏိစက်ရုံစီမံကိန်းများသည် နိုင်ငံအတွက် အကျိုးရှိသည့်စီမံကိန်းများဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် စက်မှုဝန်ကြီးဌာန တစ်ခုတည်း၏အားဖြင့်သာ ဆောင်ရွက်၍မရဘဲ ဆက်စပ်ဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှုများနှင့် ဆောင်ရွက်မှသာ ပြီးပြတ်အောင်မြင်မည်ဖြစ်၍ ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သံမဏိစက်ရုံစီမံကိန်း နှစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့်သွင်းအားစုများ စဉ်ဆက်မပြတ် ရရှိရေးတို့အတွက် ဆောင်ရွက်ရာတွင် တတ်နိုင်သမျှ ပါဝင်ကူညီပံ့ပိုးဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာနဒုတိယဝန်ကြီးက အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)တို့နှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ၊ သွင်းအားစုများလိုအပ်မှု၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် Project Implementation Agency (PIA) နှင့် စီမံကိန်း၏ Finance & Administration, Procurement & Contracts, Environment & Social Safe-guard ပိုင်းတို့ကို တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်မည့် Project Implementation Unit (PIU) ဖွဲ့စည်းမည့်အစီအစဉ် တို့ကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းတို့ကိုဝန်ကြီးဌာနအဆင့် တာဝန်ယူစီမံခန့်ခွဲဆောင်ရွက်မည့် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Executing Agency – PEA) များ ဖွဲ့စည်းမည့်အစီအစဉ်တို့ကိုလည်းကောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)အတွက် လိုအပ်သောသံသတ္တုရိုင်း၊ ထုံးကျောက်၊ ဒိုလိုမိုက်တို့ ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် ခွင့်ပြုပေးပြီးဖြစ်ကြောင်း၊ အဆိုပါ စက်မှုကုန်ကြမ်းများ ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် မိုင်းဒီဇိုင်း စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ပြီး သွင်းအားစုများကိုလည်း ပြည့်စုံအောင်ဖြည့်ဆည်းရန် အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွက် အရေးကြီးသည့် သံ၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင် ရွက်နိုင်ရေးအတွက် အစွမ်းကုန်ပူးပေါင်းဆောင်ရွက် ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)နှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တို့ရှိ လျှပ်စစ်ဓာတ်အား ခွဲရုံများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ယူရမည်ဆိုပါက ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းပေးစေလိုကြောင်း၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စတင်လည်ပတ်မည်ဆိုပါက မတူညီသော အရင်းအမြစ်နှစ်ခုမှ လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အနေဖြင့် သံစိမ်းထုတ်လုပ်သည့် နည်းပညာများသည် မြင့်မားသဖြင့် အောင်မြင်အောင်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံများအတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့များကို အမှန်တကယ်အသုံးပြုနိုင်မည့် ပမာဏနှင့် နီးစပ်စွာခန့်မှန်း၍ တောင်းခံစေလိုကြောင်း၊ သို့မှသာ အခြားလိုအပ်သည့်နေရာများသို့ ပိုမိုပို့လွှတ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုအကောင်အထည်ဖော် ဆောင်ရွက်နေသည့် သံ၊ သံမဏိစီမံကိန်းလုပ်ငန်းများသည် စွန့်စားဆောင်ရွက်ရသည့်လုပ်ငန်းများ များစွာရှိပါကြောင်း၊ သံ၊ သံမဏိစီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့က အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တို့ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ ဆောင်ရွက်သင့်သည့်အချက်များ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေတို့ကို အသေးစိတ်တင်ပြဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက သံမဏိစက်ရုံစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ၊ သွင်းအားစုများ အချိန်မီရရှိရေးကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းကြပြီး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်