နေပြည်တော် ဧပြီ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် စမ်းသပ်စိုက်ပျိုးခဲ့သည့် မြန်မာနေကြာမျိုးနှင့် ရုရှားနေကြာမျိုးများ ရိတ်သိမ်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် မြွေရိုးကျောင်းစုကျေးရွာအုပ်စု ရုံးတောကျေးရွာသို့ရောက်ရှိပြီး ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် စမ်းသပ်စိုက်ပျိုးခဲ့သည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့် ဆီထွက်သီးနှံနေကြာမျိုးများ ရိတ်သိမ်းနေမှုကိုလည်းကောင်း၊ အဆိုပါစိုက်ပျိုးမြေများပေါ်တွင် ထပ်မံစိုက်ပျိုးမည့် နွေစပါးမျိုးများ ပျိုးထောင်ထားရှိမှုနှင့် ထွန်ယက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စမ်းသပ်စိုက်ပျိုးခြင်းမှ ရရှိသည့်အဖြေများကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန်လိုအပ်ကြောင်း၊ စမ်းသပ်စိုက်ပျိုးသည့် နေကြာမျိုးအလိုက် တစ်ဧက ကုန်ကျစရိတ်၊ တစ်ဧကအထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက်စမ်းသပ်စိုက်ပျိုးသည့်အခါတွင် အားနည်းချက်များကို ပြုပြင်၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် နေကြာများ ရိတ်သိမ်းပြီးပါက နွေစပါးအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပျိုးထောင်ခြင်းနှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် စိုက်ပျိုးမြေဧက ၁၇၀ ကျော်တွင် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း နှင့် Myanmar Uni-Semi ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး ဒေသနှင့်ကိုက်ညီမည့် သီးနှံများစိုက်ပျိုးနိုင်ရေး စိုက်ပျိုးမြေများပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမြေများ ပြုပြင်ပြီးပါက စိုက်ပျိုးရေရရှိရေးနှင့် ဒေသနှင့်ကိုက်ညီသည့် ရာသီအလိုက်သီးနှံများ သီးထပ်သုံးသီးစိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်