နေပြည်တော် ဧပြီ ၃
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၇) သီဟတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်း၊ ကျောင်းဆင်းဗိုလ်လောင်းများ၊ ၎င်းတို့၏မိဘဆွေမျိုးများနှင့်နည်းပြများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်နှင့် ကျောင်းအုပ်ကြီးတို့က စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်းဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင် ခန့်အပ်လွှာများပေးအပ်ပြီး အမှာစကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ကို ၁၉၄၆ ခုနှစ်တွင် ပြင်ဦးလွင်မြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်( ၁ မှ ၁၆ )အထိ လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦးလွင်မြို့မှ ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၇ မှ ၂၈) အထိလည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ဗထူးတပ်မြို့မှ မှော်ဘီမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၉ မှ ၈၂) အထိလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၈၃ မှ ယနေ့)အထိ ဗိုလ်လောင်းများအား လေ့ကျင့်သင်ကြားပေးလျက် ရှိကာ အရာရှိများစွာ မွေးထုတ်ပေးလျက်ရှိသည်။
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)မှ ကျောင်းဆင်းအရာရှိများအနက် အောင်ဆန်း သူရိယဘွဲ့ရရှိသူ တစ်ဦး၊ သီဟသူရဘွဲ့ရရှိသူ ၁ဝ ဦး၊ သူရဘွဲ့ရရှိသူ ၉၄ ဦး၊ သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ချီးမြှင့်ခံရသူ ၄၁၁ ဦး အထိ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်