Skip to main content

ပြည်ပနိုင်ငံများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆက်သွယ်ပေးသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်နှင့်ဘာသာစကား နှစ်ခုစလုံးတွင် စွမ်းရည်ပြည့်ဝရန်လို

နေပြည်တော် ဧပြီ ၂

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးနှင့် ဒုတိယလက်ထောက်ဦးစီးမှူးများအတွက် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင် မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသည် ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆက်သွယ်ပေးသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်နှင့်ဘာသာစကားနှစ်ခုစလုံးတွင် စွမ်းရည်ပြည့်ဝရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်တင်မှု သင်တန်းသုံးကြိမ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းသစ်များ၏ ဌာနဆိုင်ရာအသိပညာဗဟုသုတရရှိရန်နှင့် လုပ်ငန်းခွင်အတွင်း လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယခုသင်တန်းကို ပို့ချခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိမည့် အသိပညာဗဟုသုတများကို ဆက်လက်တိုးပွားအောင် လုပ်ငန်းခွင်နှင့်ပေါင်းစပ်၍ အကျိုးရှိရှိအသုံးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်းနှင့် စဉ်ဆက်မပြတ်လေ့လာဆည်းပူးစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့တာဝန်ထမ်းဆောင်သည့် ဝန်ကြီးဌာနအပေါ်သစ္စာရှိရန်နှင့် ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဌာနဖွဲ့စည်းပုံ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသများ၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူများက ပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီ ၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်