နေပြည်တော် ဧပြီ ၁
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ များနှင့် (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) နေပြည်တော်၌ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံဒေသတွင်း စီးပွားရေးနှင့်စပ်လျဉ်းပြီး ၂၀၂၃ ခုနှစ်တွင် ဒေသတွင်းစီးပွားရေးအခြေအနေသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းထက် ပိုမိုသာလွန်ခဲ့ ပြီး ၂၀၂၄ ခုနှစ်တွင်လည်း ဆက်လက်တိုးတက်ရန် မျှော်မှန်းထားကြောင်း၊ ဒေသတွင်းစီးပွားရေး တိုးတက်မှုအရှိန်ကို ပိုမိုကောင်းမွန်စေရန်အတွက် ဒေသတွင်းထောက်ပံ့မှုကွန်ရက် (Supply Chain Network) များကို ကမ္ဘာ့ထုတ်လုပ်မှုကွန်ရက် (Global Production Network ) နှင့် ချိတ်ဆက်နိုင်ရန် အရေးကြီးကြောင်း၊ ကွန်ရက်များ ချိတ်ဆက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အခြားအာဆီယံနိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များက မိမိတို့လုပ်ငန်းအလိုက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံက အကောင်အထည်ဖော်ရန် ဦးစားပေးစီးပွားရေးလုပ်ငန်းများ (Priorities Economic Deliverables - PEDs) ၁၄ ခုကိုချမှတ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အေအီးစီအနေဖြင့် ယခုနှစ်တွင် နှစ်အလိုက် အကောင်အထည်ဖော်ရန်လုပ်ငန်း (Annual Priorities –APs) ၁၁၃ ခုကို ချမှတ်ထားကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အေအီးစီလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံက ဒေသတွင်းလုပ်ငန်းများကို လိုက်ပါဆောင်ရွက်ရာ၌ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အရေးများကိုလည်း အမိအရ ရယူနိုင်ရန်လိုအပ်ကြောင်း၊ ရသင့်သည့် အခွင့်အရေးများ ရရှိနိုင်ရေးအတွက် သေသေချာချာ ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အာဆီယံအနေဖြင့် တစ်ခုတည်းသော စျေးကွက်နှင့်ထုတ်လုပ်မှု အခြေခံဒေသကို အကောင်အထည်ဖော်ရာတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍအလိုက် မိမိတို့နိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်မှု အခြေအနေကို ပြန်လည်လေ့လာ၍ လက်ရှိနိုင်ငံ၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆောင်ရွက်သည့် လုပ်ငန်းများသည် လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန် ကျန်ရှိသည့်လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကိုလည်း ပိုမိုရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိက အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေး၏ ဆွေးနွေးချက်များနှင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် အတွင်းရေးမှူးများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကော်မတီအလိုက် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၂၆-၂၀၃၀ အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာရေးဆွဲရေးအတွက် ဆောင်ရွက်မှုအခြေအနေ၊ အနာဂတ်အာဆီယံလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ သုံးသပ်ချက်အတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆောင်ရွက်နေသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏လုပ်ငန်းများ အကောင်အထည် ဖော်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ထိထိမိမိ အကောင်အထည်ဖော်ရန်နှင့် အနာဂတ်အာဆီယံလုပ်ငန်းစဉ်များကိုလည်း မျက်ခြည်မပြတ်လိုက်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာတင်ပြရန် လိုအပ်ကြောင်း၊ ဒေသတွင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုပါ တစ်ပါတည်းဖြစ်စေမည့် လုပ်ငန်းများကိုလည်း ထည့်သွင်းစဉ်းစားစေလိုကြောင်းနှင့် လုပ်ငန်းအဖွဲ့များက တင်ပြချက်များအပေါ် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်