နေပြည်တော် မတ် ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၃၃၁၀ တွင်တည်ရှိပြီး မြောက်ဘက်တွင် ဟိုပုံးမြို့နယ်၊ အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင် ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ပအိုဝ်းတိုင်းရင်းသားအများစု အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်ကြသည့် မြို့တစ်မြို့ဖြစ်သည်။
အဆိုပါ အေးချမ်းသာယာသည့် ဆီဆိုင်မြို့အပါအဝင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာကျေးရွာများသို့ KNPP ၊ KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ သွေးထိုးမြှောက်ပင့်စည်းရုံးမှုများကြောင့် မိမိဒေသလူမျိုးများ ပျက်စီးဆုံးရှုံးစေမှုကို မငဲ့ကွက်တော့ဘဲ ဒေသအတွင်း မိမိဩဇာအာဏာလွှမ်းမိုးစေရန်ရည်ရွယ်သည့် PNLO အဖွဲ့သည် အဆိုပါ အဖွဲ့ များနှင့်အတူ အင်အားစုစည်း၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် ဖေဖော်ဝါရီလ ၁၆ ရက်မှစ၍ ကျေးရွာသူကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ပြီးနောက် ဒေသအချို့ရှိ တပ်မတော်တပ်စခန်းများ၊ လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာ များအတွင်းရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ ပိုင်ဆိုင်သည့်ပစ္စည်းများအား အတင်းအဓမ္မ လုယက်ယူဆောင်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ကြရသည်။
အဆိုပါဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလုံးမှ ပူးပေါင်း၍ ၃၂ ရက်ကြာ အစွမ်းကုန် သောင်းကျန်းသူချေမှုန်းရေးအား ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့်အတွက် ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာကျေးရွာများသို့ ပြန်လည်အခြေချ ဝင်ရောက်နေထိုင်လျက်ရှိရာ နယ်မြေခံတပ်မတော်သားများက အကြမ်းဖက်သမားများ ဖျက်ဆီးသွားခဲ့သည့် မြို့၊ ရွာများ သန့်ရှင်းသာယာလှပရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်လျက်ရှိသည်။
ယနေ့တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခဲ့သည့် ဆီဆိုင်မြို့အတွင်း ပျက်စီးသွားသော လူနေရပ်ကွက်၊ သာသနိကအဆောက်အဦ၊ ကျန်းမာရေးနှင့်ပညာရေးစသည့် အရေးကြီးနေရာများအား နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ဆောင်ရွက်နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဗိုလ်ချုပ်နိုင်နိုင်ဦး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ မြို့ဂုဏ်ဆောင်မွေတော် ဘုရားကြီးအတွက် အလှူငွေများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။
အစဉ်အဆက် တည်ငြိမ်အေးချမ်း၍ ရိုးသားအေးချမ်းစွာနေထိုင်သော ပအိုဝ်းတိုင်းရင်းသားတို့၏ ဆီဆိုင်ဒေသသည် PNLO အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ယခုကဲ့သို့ အရုပ်ဆိုးအကျည်းတန်ခဲ့ရပြီး ၎င်းအဖွဲ့အနေဖြင့် လက်နက်မှောင်ခိုမှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ပင်လုံမြို့ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ Type-81 အမျိုးအစားလက်နက် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်တွင် စံဖူးကျေးရွာ၌ မော်တော်ယာဉ်ငါးစီးဖြင့် တင်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးစဉ် ၎င်းတို့အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးနေသော လက်နက်မျိုးစုံ ၅၀၄ လက်၊ အာပီဂျီ ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံးခြောက်လုံးနှင့် ခဲယမ်းအချို့အားလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့သည်။
အထက်ပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ PNLO အကြမ်းဖက်အဖွဲ့အနေဖြင့် NUG ၊ KNPP ၊ KNDF နှင့် KPDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ မြှောက်ပင့်စည်းရုံးမှုကြောင့် ဒေသအတွင်း အာဏာတည်ဆောက်နိုင်ရေး၊ အကြမ်းဖက်အုပ်ချုပ်ရေးအတွက် အကြောက်တရားဖြင့် မိမိတို့လူမျိုးတူပအိုဝ်း တိုင်းရင်းသားတို့အပေါ် စာနာမှုကင်းမဲ့စွာ ၎င်းတို့၏ လက်နက်မှောင်ခိုမှုအား သတင်းပေးအဖြစ်စွပ်စွဲ၍ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာများအား မီးရှို့မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့်အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသအတွင်း အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော ပြည်ထောင်စုလမ်းမကြီးအား ဖြတ်တောက်ပိတ်ဆို့ရန်အတွက် ဖေဖော်ဝါရီလ ၂၁ ရက်မှစ၍ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ လုံခြုံရေးတပ်စခန်းများအား အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူချေမှုန်းရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါအကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၉ ရက်တွင် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်အား အပြည့်အဝပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့တွင် ယာယီရပ်တန့်ခဲ့သည့် ခရီးသွားယာဉ်များနှင့် ကုန်တင်ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်ခဲ့သည်။
အဆိုပါဖြစ်စဉ်များတွင်လည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့၏ အုပ်ချုပ်မှုအောက် ပအိုဝ်းတိုင်းရင်းသားကျေးရွာတိုင်းမှ ကျေးရွာလူထုအားလုံးနီးပါးက လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ အချိန်တိုအတွင်း အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။
NCA လက်မှတ်ရေးထိုးသော် လည်း ဒေသခံမဟုတ်သည့်အခြားသော အကြမ်းဖက်သောင်းကျန်းသူများ၏ မြှောက်ပင့်စည်းရုံးမှုအပေါ် အာဏာတည်ဆောက်နိုင်ရေး စိတ်ကူးယဉ်မှုနှင့်အတူ PNLO အကြမ်းဖက်အဖွဲ့၏ မိမိလူမျိုးချင်းအပေါ် သစ္စာမဲ့စွာလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် သည်းမခံနိုင်တော့သဖြင့် ဆီဆိုင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသားများအနေဖြင့် ရွာလုံးကျွတ်နီးပါး အင်အားစုစည်း၍ တပ်မတော်၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလက်တွဲ၍ဖေဖော် ဝါရီလ ၂၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၈ ရက် တွင် ဟိုခဲဘုန်းကြီးကျောင်းနှင့် ဆေးရုံကိုလည်းကောင်း၊ မတ်လ ၂ ရက်နေ့တွင် ဆေးရုံဝန်ထမ်း အိမ်ရာနှင့် ရဲစခန်းကို လည်း ကောင်း၊ မတ်လ ၁၃ ရက်နေ့တွင် မွေတော်ဘုရားကုန်းကိုလည်းကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် စံဖူးကျေးရွာကို လည်းကောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ကျောက်ကချားကိုလည်းကောင်း၊ မတ်လ ၂၅ ရက်နေ့တွင် ဘုရားဖြူလမ်း ဆုံကို လည်းကောင်းသိမ်းပိုက်နိုင်ခဲ့ပြီး ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ တိုက်ပွဲဖြစ်စဉ်များအတွင်း အကြမ်းဖက်သောင်းကျန်းသူ အလောင်းအချို့နှင့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်သည်အချို့၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံ တိုင်းရင်းသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ ဆီဆိုင်ဒေသကို PNLO ၊ KNDF ၊ KPDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏လက်မှ အမြန်ဆုံးပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းသည်ဒေသခံတိုင်းရင်းသားပြည်သူတို့အနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် အားတက်သရောအသက်စွန့်၍ ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့်ပင်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်