နေပြည်တော် မတ် ၂၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဝဏ္ဏသိဒ္ဓိရေကူးကန် နွေရာသီအခြေခံရေကူး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဝဏ္ဏသိဒ္ဓိ ရေကူးအသင်းအနေဖြင့် သက်တမ်းအလိုက် ရေကူးပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံရေကူးအဖွဲ့ ချုပ်နှင့်ပူးပေါင်း၍ ကလပ်အသင်းပေါင်းစုံရေကူးပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲများကိုလည်း ကျင်းပပေးသွားမည့်အပြင် လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်လည်း ရေကူးအားကစားနည်းကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်းဖိုးရှိသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ယခုလို နွေရာသီအားကစားသင်တန်းများ တက်ရောက်သင်ကြားစေရေးကို အားပေးတိုက်တွန်းပေးစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အသက် ၁၆ နှစ်အထက် (အမျိုးသား/ အမျိုးသမီး) နွေရာသီရေကူးသင်တန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ အသက် ၁၂ နှစ်အထက် (အမျိုးသား/ အမျိုးသမီး) နွေရာသီရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် သင်တန်းနည်းပြဆရာများအတွက် ချီးမြှင့်ငွေများကို ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း၊ အသက် ၁၂ နှစ် အောက် (အမျိုးသား/ အမျိုးသမီး) နွေရာသီ ရေကူးသင်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သူများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုများနှင့် ပထမဆုရရှိသည့် သင်တန်းသား/ သင်တန်းသူများကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ အခမဲ့ Member Card များကို ညွှန်ကြားရေးမှူးချုပ် များကလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်