Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း Gender/ CEDAW/ AGMSF/ NSPAW/UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၂၆

လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့် Gender/ CEDAW/ AGMSF/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနငါးခုမှ သင်တန်းသားကိုယ်စားလှယ် အရာထမ်း၊ အမှုထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်းသင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

မီဒီယာကဏ္ဍသည်အရေးပါ

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ၏လူမှုဘဝတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများ၊ ထိပါးနှောင့်ယှက်မှုများ၊ အလွဲသုံးမှုများ၊ ခွဲခြားနှိမ့်ချမှုများ လျော့နည်းပပျောက်စေရေး ဆောင်ရွက်နိုင်ရန် မီဒီယာကဏ္ဍသည် အရေးပါသည့်နယ်ပယ်တစ်ခုဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) လုပ်ငန်းနယ်ပယ် ၁၂ ရပ်တွင် အမျိုးသမီးနှင့် မီဒီယာလုပ်ငန်းနယ်ပယ်တစ်ခု ပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Focal အဖြစ် တာဝန်ယူထားပါကြောင်း၊ ယနေ့သင်တန်းကို အမျိုးသမီးအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်၍ စွမ်းဆောင်ရည်မြင့်မားရေး၊ ကဏ္ဍစုံတွင် ကျား၊ မဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက် ဝန်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်နှင့် သက်ဆိုင်ရာဌာနများတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် Gender Mainstreaming ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှရရှိသည့် ဗဟုသုတများဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် ပင်မလုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများတွင် ကျား၊ မရေးရာအမြင်ဖြင့် အလေးထားဆောင်ရွက်သွားကြရန်၊ အမျိုးသမီးများအနေဖြင့် မီဒီယာနှင့် သတင်းအချက်အလက် အသုံးပြုပြီး စွမ်းဆောင်ရည်တိုးတက်မြင့်မားကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါကြောင်း၊ ယခုဖွင့်လှစ်သော သင်တန်းကရရှိသည့် ဗဟုသုတ၊ အသိပညာများကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်