နေပြည်တော် မတ် ၂၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မိတ်ဆက်သင်တန်း Introduction Course on WTO (Principles and General Rules)၊ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄)နှင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲများကို နေပြည်တော်ရုံးအမှတ်-၃ ၌ ယနေ့မွန်းလွဲ၂ နာရီက ကျင်းပသည်။
စဉ်ဆက်မပြတ်လေ့လာ
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး၏ သမိုင်းကြောင်းများ၊ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ၊ သဘောတူညီချက်များကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း အသုံးပြုနိုင်ရေးအတွက် သင်တန်းများ ပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အလားတူ အင်္ဂလိပ်ဘာသာစကား အရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းရည်များ တိုးတက်ရန် အင်္ဂလိပ်စာသင်တန်းကိုပါ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ပို့ကုန်သွင်းကုန် မူဝါဒများသိရှိနားလည်မှ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချသော နည်းစနစ်များ၊ သင်ခန်းစာများကို အမှီပြု၍ ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် လေ့လာနိုင်ရန်လိုကြောင်း၊ သင်ယူလေ့လာခြင်းမှ ပိုမိုတတ်သိသော မျိုးဆက်သစ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းသားထူးချွန်ဆုများ ချီးမြှင့်ရာ Introduction Course on WTO (Principles and General Rules) သင်တန်းမှ ဆုရသင်တန်းသားများကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) မှ ဆုရသင်တန်းသားများကို ဒုတိယဝန်ကြီး ဦးမင်းမင်းကလည်းကောင်း၊ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ ဆုရသင်တန်းသားများကို ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ သင်တန်းဆင်းအောင်လက်မှတ်များနှင့် နည်းပြဂုဏ်ပြုမှတ်တမ်းများကို ကုန်သွယ်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ချီးမြှင့်သည်။
တက်ရောက်
သင်တန်းဆင်းပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ ၁၁၅ ဦးတို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဆုရသင်တန်းသား သင်တန်းသူများနှင့်အတူ လန်းဆန်းစာများကို သုံးဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်