နေပြည်တော် မတ် ၂၅
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းများအား ပြည်သူ့စစ်မှု ထမ်း ဥပဒေအကြောင်း ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမနှင့် အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်းခန်းမမှ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online မှလည်းကောင်း တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့် ရှောက်ရေးသည် နိုင်ငံသားတိုင်း ၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိကြောင်းတို့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပုဒ်မ ၃၈၅ နှင့် ပုဒ်မ ၃၈၆ တို့တွင် ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းတာဝန် ကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် လိုအပ်သည့်အတွက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာတည်ကြောင်းကို အမိန့်ထုတ်ပြန် ခဲ့ပါကြောင်း၊ နိုင်ငံသားတစ်ဦး၊ ဝန်ထမ်းတစ်ဦးအနေဖြင့် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေတစ်ရပ်ကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည့်အတွက် စစ်မှုထမ်းခြင်းကို နိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားအဖြစ် သိမြင်ထားရမည်ဖြစ်ပါကြောင်း၊ ဒါ့အပြင် ဝန်ထမ်းမိသားစုဝင်များသည်လည်း သတ်မှတ်ချက်နှင့် ညီညွတ်မှုရှိပါက ပါဝင်ဆောင်ရွက်ရမည်ဖြစ်၍ သိရှိထားသင့်သည်များ ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို သိရှိနားလည်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းများ ပီသစွာ နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးက ပြည်သူ့စစ်မှုထမ်းဥပဒေ သမိုင်းကြောင်းနှင့် ရည်ရွယ်ချက်၊ စစ်မှုထမ်းရန်ကာလ၊ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ စစ်မှုထမ်းတို့၏ ခံစားခွင့် များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသူများ ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်