Skip to main content

ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ အင်းစိန်ဂျီတီအိုင်၌ ကျင်းပသည့် EV နည်းပညာပြန့်ပွားရေး ဟောပြောပွဲကို တက်ရောက်ပြီး ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၂

EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ဟောပြောပွဲကို မတ် ၂၀ ရက် နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပရာလျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာ အောင်ဇေယျတက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ EV ဆိုင်ရာ ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များက ဟောပြောပို့ချကြရာ ကျောင်းသား ကျောင်းသူများအပါအဝင် တက်ရောက်လာသူများက သိရှိလိုသည်များကို ရင်းနှီးပွင်းလင်းစွာ မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဟောပြောပို့ချကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ပြီး EV အလုပ်ရုံတွင် EV ဆိုင်ရာ သင်ထောက်ကူစက်ပစ္စည်းများနှင့် ဆိုလာကားပါကင်ရှိ EV အားသွင်းစနစ်ကို ကျောင်းသားကျောင်းသူများ စိတ်ဝင်စားစွာလေ့လာနေမှုများကို ကြည့်ရှုအားပေးကာ နိုင်ငံတကာ၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိသော EV အားသွင်း စနစ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားကျောင်းသူများ ပူးပေါင်းကာအဖွဲ့လိုက် အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်များကို ကြည့်ရှုအားပေးပြီး ယနေ့သိရှိသမျှကို အခြေခံကာလေ့လာမှုများကို ဆက်လက်ဆောင်ရွက်ရန် အခြားသူများအသိပညာတိုးပွားစေရေး ဆင့်ပွားမျှဝေပေးရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာ ဌာနများရှိ အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုမှာကြားသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ အဆောင်များတွင် ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာအနာဂတ်၌ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူငယ်များ ဖြစ်၍ ကျောင်းသားဘဝ တန်ဖိုးရှိသောအချိန်များကို အကျိုးရှိစွာ အသုံးချကြရန်၊ ပြည်သူများက အမှန်တကယ်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်နည်းပညာရှင်များ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ကျောင်းဘောလုံးကွင်းနှင့် ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်