နေပြည်တော် မတ် ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီးတို့အားအမှူးထား၍ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အလှူတော်မင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးရဲတင့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဇနီးများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီးအမှူးပြုသည့် အလှူ့ရှင်အလှူ့အမဝန်ထမ်းမိသားစုများသည် ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့်အတူ အနုပညာရှင်ဒိန်းဒေါင်နှင့် ရွှေတံဆိပ်ဆုရှင်ဇော်လင်းတို့ကဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး အမှူးပြုသည့်အလှူ့ရှင်အလှူ့အမ ဝန်ထမ်းမိသားစုများက မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့် အညီ ရှင်လောင်းထုတ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များသည် သတ်မှတ်လမ်းကြောင်းအတိုင်း လှည့်လည်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့သွားရောက်ပြီး ဦးခိုက်ကန်တော့ခြင်းနှင့် ရှင်လောင်းလှည့်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ရှင်သာမဏေလောင်းများသည် ရွှေနံသာရပ်ကွက်ရှိ ရွာတော်ရှင်နတ်နန်းသို့ သွားရောက်ပြီးနတ်အပူဇော်ခံကြသည်။
ရှင်လောင်းသွင်းခြင်းဆောင်ရွက်
ထိုသို့ ရှင်းလောင်းလှည့်လည်အပြီး ဝန်ကြီးရုံးအလှူတော်မင်္ဂလာခန်းမအပြင်တွင်စုစည်း၍ ရှင်လောင်းသွင်းခြင်းအစီအစဉ်ကို ထုံးတမ်းအစဉ်အလာနှင့်အညီ ဆက်လက်ဆောင်ရွက်ကြသည်။
ယင်းနောက် ရဟန်းလောင်း၊ သာမဏေလောင်းများ၊ မိဘဆွေမျိုးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ဆက်လက်၍ ဘိသိက်သွန်းခြင်း မင်္ဂလာအစီအစဉ်ကို ကျင်းပသည်။
ထို့နောက် သက်ဆိုင်ရာဌာနအလိုက် ကုသိုလ်ပြုဆောင်ရွက်ကြမည့် ဘုန်းတော်ကြီးကျောင်းများ၌ ဆံချခြင်း၊ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းစည်းခြင်း၊ သီလရှင်လောင်းများအတွက် သီလရှင်ပြုဖွယ်ကိစ္စရပ်များ ဆောင်ရွက်ခြင်းနှင့် ရဟန်းလောင်းများ ဥပသမ္ပကံဆောင်ခြင်းတို့ကို ဆောင်ရွက်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးနှင့် ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။
နေ့လယ်စာဖြင့် ဧည့်ခံမည်
အလှူတော်မင်္ဂလာနေ့ မတ် ၂၃ ရက် တွင် ရဟန်းလောင်းများ သိမ်တက်ခြင်း၊ သိမ်ဆင်းလောင်းလှူခြင်း၊ အလှူတော်မင်္ဂလာတရားနာယူခြင်း၊ ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအမျှအတန်းပေးဝေခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ယနေ့ကျင်းပသော ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား၌ ရဟန်း ၃၃ ပါး၊ ရှင်သာမဏေ ကိုးပါး၊ သီလရှင်ခြောက်ပါး စုစုပေါင်း ၄၈ ပါးတို့အား သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်