နေပြည်တော် မတ် ၂၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသည် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ တတ်မြောက်လာသည့် နည်းပညာကို ဖန်တီးအသုံးချ၍ ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် နောင်တစ်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် ထူထောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ သင်တန်းပြီးမြောက်အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သော ပညာရပ်များ၊ နည်းပညာများမှတစ်ဆင့် မိမိဘာသာ ဆင့်ပွားဆန်းသစ်တီထွင်၍ ပိုမိုအရည်အသွေးမြင့်မားသည့် ကုန်ပစ္စည်းများဖြစ်စေရန် ကြိုးစားဆောင်ရွက်ပြီး ဈေးကွက်သို့ တင်ပို့နိုင်မည်ဆိုပါက အချိန်တိုအတွင်း မိသားစုစီးပွားရေး တိုးတက်နိုင်မည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်းပညာ၊ ဗဟုသုတများကို အသုံးချ၍ ကိုယ်ပိုင်အသေးစား၊ အငယ်စားမှသည် အလတ်စားလုပ်ငန်းများ ထူထောင်ကာ မိသားစုစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန် ဆောင်ရွက်နိုင်ရုံသာမက ဝင်ငွေတိုးပွားပြီး ဘာသာသာသနာအကျိုး၊ နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုသင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် နည်းပညာရပ်များသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ဖြစ်ပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။
ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူကို ဒုတိယဝန်ကြီးကလည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသားကို အမြဲတမ်းအတွင်းဝန်ကလည်းကောင်း ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသား သင်တန်းသူများမှ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်