Skip to main content

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မတ် ၂၁

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

အထူးဦးစားပေးဆောင်ရွက်လျက်ရှိ

ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အစမှအဆုံးအထိ ရငွေများကိုလျာထားသည့် အတိုင်းရရှိရေးနှင့် သုံးငွေများကိုလည်း လျာထားသည့်အတိုင်း သုံးစွဲနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များ အောင်မြင်စေရန် နိုင်ငံတော်က စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့် တိုင်းဒေသကြီး ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေများသည် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်များ၊ အမျိုးသားရေး ရည်မှန်းချက်တာဝန်များကို အောင်မြင်စေရေးအတွက် ဘဏ္ဍာရေးမူဝါဒအဖြစ် ပြဋ္ဌာန်းပေးသော ဥပဒေများဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးအသုံးစရိတ်များကို စနစ်တကျစီမံခန့်ခွဲ ထိန်းချုပ်နိုင်ခဲ့ပြီး ကိုဗစ် - ၁၉ ကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်တိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

ဦးစားပေးလျာထားသုံးစွဲသွားမည်

ဘဏ္ဍာငွေ အရအသုံးများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ယခင်ဘဏ္ဍာရေးနှစ် အတွေ့အကြုံများအပေါ် အခြေခံပြီး တွေ့ကြုံရမည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး၊ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အသုံးစရိတ်များ၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်စေရန် အသုံးစရိတ်များ၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများအတွက် အသုံးစရိတ်များ စသည့်ပိုမိုလိုအပ်သော ကဏ္ဍများအတွက် ဦးစားပေးလျာထားသုံးစွဲသွားမည်ဖြစ်ကြောင်း၊ အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာအသုံးစရိတ်များကို စိစစ်သုံးစွဲပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမည့် အသုံးစရိတ်များ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုသည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲကြရန်လိုအပ်ကြောင်း။

ဝိုင်းဝန်းဆွေးနွေးအတည်ပြု

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ အချိန်မီပေးပို့တင်ပြနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယနေ့အစည်းအဝေးတွင် စိစစ်တင်ပြပြီးဖြစ်သည့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများကို တင်ပြရာတွင် သက်ဆိုင်ရာဘတ်ဂျက်စိစစ်သည့် အဖွဲ့အစည်း၊ ကော်မတီများမှ အဆင့်ဆင့်စိစစ် ဆောင်ရွက်ခဲ့ကြောင်း၊ အသုံးစရိတ်အပိုင်းတွင်လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလုံအလောက် ဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးတို့အတွက် လက်ငင်းအကျိုးရှိပြီး ဘက်စုံအကျိုးသက်ရောက်စေမည့် အသုံးစရိတ်များကို အဓိကထား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း။

လျာထားခွင့်ပြုပေးခဲ့ပြီးဖြစ်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ယခင်ဘဏ္ဍာရေးနှစ်များနည်းတူ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသာမက နေရပ်စွန့်ခွာပြည်သူများအတွက် စားဝတ်နေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး အရေးပေါ်ရန်ပုံငွေ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့ကို လျာထားခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၄-၂၀၂၅ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၄-၂၀၂၅ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အသီးသီး တင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခြေကျပြီးဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး ဒေသအလိုက် ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကိုတိုးမြှင့်၍ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း၊ ထို့အပြင် စီးပွားရေးစီမံကိန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုပြီး ရည်မှန်းချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရာတွင် MSME လုပ်ငန်းများကိုအခြေခံ၍ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးကာ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်သည်အထိ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုများတိုးတက်လာမည်

ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် Mass production များဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေးကိုသာမက သား၊ ငါးမွေးမြူ ရေးကဏ္ဍများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် အဓိက သား ငါးများဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါးများကို မွေးမြူဖြစ်ထွန်းကြောင်း၊ အလားတူ အသီးအရွက်နှင့် စက်မှုကုန်ကြမ်းသီးနှံများကိုလည်း စိုက်ပျိုးနိုင်ကြောင်း၊ အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်လာ မည်ဖြစ်ကြောင်း။

လုပ်ငန်းများတိုးတက်အောင်မြင်လာမည်

ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့်လည်း နိုင်ငံတော်ဘဏ္ဍာငွေများကို သုံးစွဲရာတွင် အကျိုးရှိ ထိရောက်စွာအသုံးချကြစေလိုကြောင်း၊ အလားတူ ရငွေများ အပြည့်အဝရရှိစေရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့တွင်ရှိပြီးဖြစ်သည့် အုပ်ချုပ်ရေးယန္တရား၊ တရားဥပဒေစိုးမိုးရေး ယန္တရားများကို အသုံးချ၍ ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအလိုက်လုပ်ငန်းများ တိုးတက်အောင်မြင်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းများ တိုးတက်လာမည်ဆိုပါက နိုင်ငံအတွက်လည်း တိုးတက်မှုများကို ခံစားရမည်ဖြစ်သဖြင့် အချင်းချင်း အပြန်အလှန် တိုင်ပင်ဆောင်ရွက်ကြရန် အလေးထား မှာကြားလိုကြောင်း ပြောကြားသည်။

အလေးထားအကောင်အထည်ဖော်

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် လိုအပ်ချက်နှင့်အညီ ထိရောက်သည့် အသုံးစရိတ်ဖြစ်စေရေးနှင့် လျာထားချက်နှင့်အညီ အချိန်မီသုံးစွဲရေးကို အဆင့်ဆင့်တာဝန်ရှိသူများက အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကြီးကြပ်သူများအနေဖြင့်လည်း မိမိတာဝန်ယူရသည့် ဌာနအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများသာမက ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးကြီးကြပ်မှုလုပ်ငန်းများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားကြရန် အလေးထား မှာကြားလိုကြောင်း။

ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီဆောင်ရွက်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရာသီဥတုနှင့် အခြားအခြေအနေများအရ ယခင်ဘဏ္ဍာရေးနှစ်များထက် အရေးပေါ်ရန်ပုံငွေကို တိုးမြှင့်လျာထားသုံးစွဲနိုင်ရေး စီစဉ်ထားကြောင်း၊ ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုဝန်ကြီးဌာနများက နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် “အထွေထွေ ပိုလျှံ ရန်ပုံငွေ” (GRF) သို့ ပြန်လည်အပ်နှံသည့် ပိုလျှံငွေများမှ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး ကိစ္စတို့၌ အထူးကိစ္စတစ်ရပ်အနေဖြင့် လွှဲပြောင်းသုံးစွဲခွင့်ပြုထားပြီး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ပြည်ထောင်စုမှ ထောက်ပံ့ပေးသည့် ငွေအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကကောက်ခံရရှိသည့် ရငွေများကို ပြည့်ပြည့်ဝဝရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်ဂျက်များသည်အရ အသုံးညီမျှသည့် ဘက်ညီဘတ်ဂျက်ပုံစံနှင့် ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ရငွေပြည့်ပြည့်ဝဝရရှိမှသာ သုံးငွေကိုလည်း ပြည့်ပြည့်ဝဝသုံးစွဲနိုင်မည်ဖြစ်ကြောင်းကို သတိပြုစေလိုကြောင်း။

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့်ရငွေများနှင့် အသုံးစရိတ်များကို စီမံခန့်ခွဲကြီးကြပ် ဆောင်ရွက်ရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ ထိရောက်အောင်မြင်စွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်