“ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဟု ဆိုရိုးစကားရှိပါသည်။ ရေ၏တန်ဖိုးနှင့် အရေးတကြီးအသုံးဝင်ပုံကို အသိပေးထားခြင်းဖြစ်ပါသည်။ လူသည် ထမင်းခုနစ်ရက်မစားရသော်လည်း သန့်စင်သောရေကို သောက်သုံးရလျှင် အသက်ရှင်သန်နိုင်သလို ရေတစ်ရက် မသောက်သုံးရဘဲနေရပါက အားအင်ကုန်ခန်းပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်ကို သတိပေးထားခြင်းဖြစ်ပါသည်။
လူသားတို့သာမက ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများနှင့် အပင်မျိုးစိတ်အပေါင်းတို့သည် ရေဖြင့် ရှင်သန်နေကြသည်။ ရေကိုသောက်သုံးရုံသာမက ချက်ပြုတ်ဆေးကြောရေးအပြင် စားရေရိက္ခာလုံလောက်စွာ ထွက်ရှိရေးအတွက် ရယူအသုံးပြုကြရသည်။ ရေသည် သက်ရှိများအတွက် သဘာဝကပေးအပ်ထားသည့်လက်ဆောင်မွန်ဖြစ်၍ အချည်းနှီးမဖြစ်စေဘဲ တန်ဖိုးရှိစွာအသုံးပြုကြရန်၊ တန်ဖိုးရှိစွာထိန်းသိမ်း စောင့်ရှောက်ကြရန်လိုအပ်သည်။ ရေ၏တန်ဖိုးသည် များပြားလှသော်လည်း လူသားတို့အနေဖြင့် ရေကိုတန်ဖိုးထားမှုမှာ အားနည်းလှပေသည်။
ကမ္ဘာပေါ်တွင် ရေအရင်းအမြစ်များ ပေါများကြွယ်ဝသောဒေသများရှိသလို ရေအရင်းအမြစ် ရှားပါးပြတ်လပ်သောဒေသများလည်းရှိသည်။ ရေကိုသဘာဝအလျောက်ရရှိသည့် မြန်မာနိုင်ငံသည် ရေအတွက် ကံကောင်းခြင်းလက်ဆောင်အဖြစ် အပြည့်အဝရရှိနေသည်။ ရေလုံလောက်စွာရရှိသည့် မိုးဥတုရာသီနှင့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကြီးလေးသွယ်နှင့် မြစ်လက်တက်များ၊ အင်း၊ အိုင်၊ ဆည်တမံ၊ ချောင်း၊ ကန်များမှ ရေလုံလောက်စွာရရှိသည်။ မိုးခေါင်ရေရှား ဒေသများအတွက်ပင် ထိုက်သင့်သောရေ ဖြည့်ဆည်းပေးနိုင်သည်။ စိုက်ပျိုးရေ၊ သောက်သုံးရေတို့ကို ပေါပေါများများအသုံးပြုနိုင်သည်။
ကမ္ဘာပေါ်တွင် ရေရှားပါးသည့်နိုင်ငံ ၂၅ နိုင်ငံရှိပြီး ၁၉ နိုင်ငံသည် အာဖရိကတိုက်တွင် တည်ရှိသည်။ ကမ္ဘာ့လူဦးရေ၏ ၁ ဒသမ ၄ ဘီလီယံသည် ရေကောင်းရေသန့်ရရှိရန် ခက်ခဲနေပြီး မသန့်ရှင်းသောရေကြောင့် လူခုနစ်သန်းခန့် အသက်ဆုံးရှုံးလျက်ရှိသည်။ သဘာဝရေမရရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံအချို့သည် ရေချိုကိုဝယ်ယူအသုံးပြုကြရသည်။ ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်၌ ၁၀ ဘီလီယံကျော်မည်ဟု ကုလသမဂ္ဂက ခန့််မှန်းထားပြီး အလွန်အမင်းတိုးပွားလာသော လူဦးရေကြောင့် အနာဂတ်တွင် စားရေရိက္ခာနှင့် ရေအခက်အခဲများ ကြီးမားစွာကြုံတွေ့နိုင်သည်ဟု ခန့်မှန်းထားသည်။
လူ၏သဘာဝအရ ရေဖောဖောသီသီရရှိကြသည့်ဒေသများတွင် ရေကိုတန်ဖိုးမထားကြသလို ရေရှားပါးသောဒေသများတွင် ရေကြည်တစ်ပေါက်ကိုပင် အလွန်တန်ဖိုးထားကြသည်။ သတ္တဝါများသည် ရေကိုအရေပြားမှတစ်ဆင့် ချွေးအဖြစ်စစ်ထုတ်ကာ ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးသည်။ ရေ၏အကူအညီဖြင့် သွေးသည်အာဟာရဓာတ်များကို အစာအိမ်မှတစ်ဆင့် ခန္ဓာကိုယ်၏အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပို့ဆောင်ပေးသည်။ သွေးများက အောက်ဆီဂျင်ဓာတ်ကို အဆုတ်မှတစ်ဆင့်ပို့ဆောင်ရာတွင် အကူအညီပေးသည်။ အစာခြေရာတွင် ရေဓာတ်လိုအပ်သည်။ ခန္ဓာကိုယ်ရှိမကောင်းသည့်ဓာတ်များကို ရေမှဖြစ်လာသည့် ဆီးမှစစ်ထုတ်ပေးသည်။
ကမ္ဘာ့မြေမျက်နှာပြင်၏ လေးပုံသုံးပုံကို ရေလွှမ်းမိုးထားသော်လည်း ရေထု၏နှစ်ရာခိုင်နှုန်းကိုသာ ရေချိုအဖြစ်ရရှိနိုင်သည်။ မြေအောက်မှရေမှာ သုည ဒသမ ၃၆ ရာခိုင်နှုန်းသာရှိသော်လည်း ရေထွက်အားဖြင့် အမြောက်အမြားရှိနေသောကြောင့် လူတို့အနေဖြင့် မပူမပင်သုံးစွဲနေကြရသည်။ သို့သော် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် ပူပြင်းခြောက်သွေ့မှုများတိုးလာပြီး ရေထုပမာဏနည်းလာခြင်းနှင့် ကမ္ဘာ့လူဦးရေပမာဏ တစ်နေ့တခြားတိုးပွားလာမှုကြောင့် စိုက်ပျိုးရေ၊ သုံးစွဲရေသာမက သောက်သုံးရေအတွက်ပါ အနာဂတ်တွင် အခက်အခဲများရှိလာမည်ဖြစ်သည်။ ထို့ကြောင့် တည်ရှိပြီးရေကို ကောင်းမွန်စွာထိန်းသိမ်းသိုလှောင် စောင့်ရှောက်တတ်ရန်နှင့် ရေကိုစနစ်တကျခြိုးခြံချွေတာသုံးစွဲတတ်သည့် အလေ့အထများရှိကြရန် လိုအပ်သည်။
လူတို့အနေဖြင့် နေ့စဉ်ရေကိုသုံးစွဲကြရာတွင် လူတစ်ဦးတစ်ယောက်ချင်းစီက အဖိုးတန်ရေကို ချွေတာသုံးစွဲကြမည်ဆိုလျှင် ရေအတွက်ဖူလုံလောက်ငနေမည်ဖြစ်ပြီး ရေရှားပါးသည့်ဒေသများမှ ပြည်သူများအား ကူညီဖြည့်ဆည်းပေးရာ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသောရေကို နေ့စဉ်အသုံးပြုကြရာ၌ လိုအပ်သလောက်သာချင့်ချိန်သုံးစွဲခြင်း၊ လိုသည်ထက် ပိုမိုအသုံးမပြုခြင်း၊ မလိုအပ်ဘဲ ရေကိုအလဟဿအလေအလွင့်မဖြစ်စေဘဲ သတိပြုထိန်းသိမ်းဆောင်ရွက်ခြင်းတို့ကို ကိုယ်စီကိုယ်စီပြုလုပ်ကြပါက အနာဂတ်တွင် ရေအတွက် ရတက်မပွေဘဲ ပြည်သူများ စိတ်အေးချမ်းသာမည်ဖြစ်ပါကြောင်း။ ။