မော်လမြိုင် မတ် ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ရှိ ရွှေမြိုင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန် ၉၀ ကျ အဆင့်မြင့် ဆန်စက်နှင့် တန် ၁၂ဝ ကျ စပါးအခြောက်ခံစက်လည်ပတ်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးကစက်ရုံအနေဖြင့် ဒေသခံတောင်သူများစိုက်ပျိုး ထုတ်လုပ်သည့်စပါးများအား ဝယ်ယူနိုင်ရေး၊ တောင်သူများမိုးစပါး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးတက်အောင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက်လိုအပ်သည့်သွင်းအားစုများကို သမဝါယမအသင်းများက ပံ့ပိုးပေးနိုင်ရေး၊ စက်ရုံများစွမ်းအားပြည့်လည်ပတ်ဆောင်ရွက်နိုင်ရေးမှာကြားသည်။
စပါးအခြောက်ခံစက်ပါရှိ
ရွှေမြိုင် ဆန်စက်တွင် တန် ၉၀ ကျ ဆန်စက်နှင့် တန် ၁၂၀ ကျ စပါးအခြောက်ခံစက်ပါရှိပြီး အဆိုပါ ဆန်စက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်ကာဒေသအတွင်းထွက်ရှိသောစပါးများကို ဝယ်ယူကြိတ်ခွဲ၍ ပြည်တွင်းပြည်ပစျေးကွက်များသို့ ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်